DVB Logo
Home
မြန်မာသတင်း
တန်းတူအခွင့်ရေးမရသဖြင့် မုပ္ပလင်ကုန်ထုတ်စခန်းက အကျဉ်းသားများ အလုပ်မဆင်းဘဲနေ
DVB
·
April 23, 2019
တန်းတူအခွင့်ရေးမရသဖြင့် မုပ္ပလင်ကုန်ထုတ်စခန်းက အကျဉ်းသားများ အလုပ်မဆင်းဘဲနေ
1 / 4
Donate to DVB

သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာမှာ  အကျဉ်းသားအချင်းချင်း တန်းတူ အခွင့်အရေး မရလို့ဆိုပြီး အကျဉ်းဦးစီးဌာနအောက် မုပ္ပလင်(ကျား) ကုန်ထုတ်စခန်းမှာ အကျဉ်းသားတွေက အလုပ်မဆင်းဘဲနေကြတယ်လို့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

အကျဉ်းသားတွေက လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံချင်တယ် ပြောလို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နဲ့ ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်တဲ့ ကြည့်ရှု စစ်ဆေးရေးအဖွဲ့ဟာ ဧပြီ ၁၉ ရက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

၂၀၁၉ ခုနှစ် နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ မူးယစ် ဥပဒေပုဒ်မ ၁၆ အရ လက်ဝယ်တွေ့သူတွေ လွတ်မြောက်သွားပေမယ့် မူးယစ်အမှု ဖမ်းတုန်းက အတူရှိနေသူတွေ၊ အနားမှာ ရှိနေသူတွေ ပုဒ်မ ၂၁ (အားပေးကူညီမှု) နဲ့ စွပ်စွဲခံရပြီး အကျဉ်းကျခံခဲ့ ရသူတွေကတော့ လွတ်ငြိမ်းသက်သာခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၅ (သုံးစွဲမှု) နဲ့ ပြစ်ဒဏ်ကျခံနေသူတွေလွတ်မြောက်ခဲ့ကြပြီး မူးယစ်ဆေးဝါး ပုဒ်မ ၁၅ နဲ့ ၁၆ (သုံးစွဲမှု၊ လက်ဝယ်တွေ့မှု) နှစ်ခုတွဲလျက် ပြစ်ဒဏ်ကျခံနေရသူတွေကတော့ အခုအချိန်ထိ ခံစားခွင့် မရကြဘူးလို့လည်း အကျဉ်းသားတွေက ပြောပါတယ်။

ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က “ဒါတွေက သူတို့တင်ပြတာတွေကိုပဲ မှတ်တမ်း လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ပြောတာတွေ မှန်၊ မမှန်ကတော့ သက်ဆိုင်ရာက စိစစ်ရမှာပါ။ သူတို့က သူတို့ ကြုံနေတာတွေကို မီဒီယာတွေက တဆင့် လူတွေသိအောင် ပြောပြပေးစေချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကျဉ်းသားတွေက ၂၀၁၈ ဖေဖော်ဝါရီ ၁၅ နဲ့ ၁၆ ရက်နေ့တို့မှာ နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမှာ ပုဒ်မ ၁၅ အရ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို အကျဉ်းထောင်ပြစ်ဒဏ်မချမှတ်ဖို့ သတ်မှတ်ခဲ့တာ တွေ့ရပေမယ့် ၂၀၁၈ ခုနှစ် မတိုင်ခင်က ပြစ်ဒဏ် ကျခံရသူတွေဟာ ပြစ်ဒဏ်က လွတ်မြောက်ခွင့်မရတဲ့အပြင် လွတ်ငြိမ်း သက်သာခွင့်ပေးတဲ့ အခါမှာလည်း ခံစားခွင့် မရကြဘူးလို့ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်တွေပေးရာမှာ ပြစ်ဒဏ်တူသူ တချို့လွတ်မြောက်ခဲ့ကြပေယ့် မလွတ်မြောက်သူတွေ အများကြီး ရှိနေတယ် လို့လည်း သူတို့က ဆိုပါတယ်။

စည်းကမ်းကောင်းတဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာလို့ ပြောဆိုနေကြပြီး စည်းကမ်းဖောက်ဖျက်မှု မရှိခဲ့ကြပေမယ့် လွတ်ငြိမ်းသက်သာခွင့်မရဘဲ ကျန်နေသူတွေလည်း ရှိပါတယ်။

တွေ့ဆုံရာမှာ လူအင်အားအရ နေရာ ၆ နေရာမှာ အုပ်စု ၆ စုခွဲ တွေ့ဆုံခဲ့ပြီး အကျဉ်းသားတွေ တင်ပြတာကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီတင်ပြချက်တွေကို ဧပြီ ၂၂ ရက်က သမ္မတဆီကို တင်ပြပေးထားတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မြန်မာနှစ်သစ်ကူးနေ့မှာ နိုင်ငံတ၀န်း အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူပေါင်း ၉၅၀၀ ကျော်ကို နိုင်ငံတော် သမ္မတက လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013