DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦး၏အယူခံ တရားလွှတ်တော်ချုပ် ပယ်ချ၊ အမေရိကန်စိတ်ပျက်
DVB
·
April 23, 2019
ရိုက်တာသတင်းထောက် ၂ ဦး၏အယူခံ တရားလွှတ်တော်ချုပ် ပယ်ချ၊ အမေရိကန်စိတ်ပျက်
Donate to DVB

ထောင်ဒဏ် ၇ နှစ်ချခံနေရတဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်  ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှု အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီကနေ့ ဧပြီ ၂၃ ရက် မနက်က ပယ်ချလိုက်ပါတယ်။

တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်အပေါ် သတင်းထောက်တွေရဲ့ မိသားစုဝင်တွေကတော့  ကျေနပ်မှုမရှိဘဲ ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်မှာ အယူခံ တင်ခဲ့စဉ်အခါကလည်း ပယ်ချခံခဲ့ရပါတယ်။

သူတို့ပြန်လွတ်မြောက်ဖို့အတွက် နည်းမျိုးစုံနဲ့ ဆက်ပြီးကြိုးစားသွားမယ်လို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒီအဆုံးအဖြတ်နဲ့ ပတ်သက်လို့ စိတ်ပျက်တယ်လို့ ပြောချင်တယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး လွတ်လပ်ခွင့်ရော မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုရော ထိခိုက်စေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ခင်ဗျားတို့ အပါအဝင်ပေါ့ဗျာ လွတ်လပ်စွာ သတင်းရှာဖွေတဲ့ ဖြန့်ဖြူးခွင့် အဲ့ဒါတွေ အကုန်လုံးကို အန်မတန်ကြောက်စရာကောင်းအောင် အတားအဆီး အဟန့်အတား အများကြီးဖြစ်သွားစေတယ်လို့ ယူဆပါတယ်။”

ဒီကနေ့အမိန့်နဲ့ ပတ်သက်ပြီး သက်ဦးမောင် (ခ) ဝလုံးရဲ့ အမျိုးသမီး ဒေါ်ပန်းအိမွန်က “ဒီနေ့ဆုံးဖြတ်ချက်အပေါ်မှာ စိတ်မကောင်းဖြစ်ရတာပေါ့။ ရှေ့ဆက် ဘာတွေလုပ်သွားဦးမယ် ဆိုတာတော့ ကျမတို့ရှေ့နေကပဲ ဆုံးဖြတ်သွားမှာပါ။ ကိုယ်ကတော့ မိသားစုဝင်အနေနဲ့ စိတ်တော်တော်မကောင်းဘူးပေါ့နော်။ ကိုယ့်အမျိုးသားက လူကောင်းဆိုတော့ အမြန်ဆုံးလွတ်မြောက်စေချင်တယ်။ အကုန်လုံးက အကောင်းပဲ မျှော်လင့်ထားတာလေ” လို့ ပြောပါတယ်။

ကိုဝလုံးနဲ့  ကိုကျော်စိုးဦးတို့ရဲ့ အမှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး  များစွာစိတ်ပျက်မိတယ်လို့ ရန်ကုန်ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို မကြာသေးခင်က ဖမ်းဆီးထားတာ၊ အယ်ဒီတာဦးရဲနည်နဲ့ တခြားသတင်းထောက်တွေကို တရားစွဲဆို တာတွေဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာပြောဆိုခွင့်အတွက် သည်းမခံမှု ပိုတိုးလာနေကြောင်း ထောက်ပြနေတယ်၊ သတင်းစာ၊ သရော်စာ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုနဲ့ တခြားသော တရားဝင်ထုတ်ဖော်ပြောဆိုမှုတွေဟာ ဒီမိုကရက်တစ် လူ့ဘောင်အဖွဲ့အစည်း တရပ်မှာ  ပြစ်မှုတွေ မဖြစ်သင့်ဘူးလို့လည်း အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)ရဲ့ အရှေ့အာရှနဲ့ အရှေ့တောင် အာရှဒေသဆိုင်ရာ ဒါရိုက်တာ နီကိုလတ်စ် ဘက်ကွီလင်ကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုအယူခံကိုပယ်ချခံရတဲ့ကိစ္စ တရားမျှတမှုမရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အမှောင်ဖုံးတဲ့ နေ့တနေ့ အဖြစ်မှတ်ယူတယ်လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို လျော့ချတားဆီးရာမှာ အသုံးပြုတဲ့ ဖိနှိပ်တဲ ဥပဒေတွေကို ပြင်ဆင်ရုပ်သိမ်းဖို့   နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ အစိုးရအပေါ်မှာ ဖိအားတွေ ပိုပေးရမယ်လို့လည်း အေအိုင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြောပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၉ ခုနှစ်အတွက် ပူလစ်ဇာဆုနဲ့  UNESCOရဲ့ သတင်းလွတ်လပ်ခွင့်ဆု အပါအ၀င် နိုင်ငံတကာက ဆုတွေပေးအပ် ချီးမြှင့်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013