DVB Logo
Home
မြန်မာသတင်း
ခွေးကိုက်ခံလူနာ ကုသရေးဌာန ရန်ကုန်ဆေးရုံကြီး၌ ဖွင့်လှစ်မည်
DVB
·
April 23, 2019
ခွေးကိုက်ခံလူနာ ကုသရေးဌာန ရန်ကုန်ဆေးရုံကြီး၌ ဖွင့်လှစ်မည်
Donate to DVB

ခွေးကိုက်ခံရတဲ့ လူနာတွေအတွက်ကုသရေးဌာန (Dog Bite Center)ကို ရန်ကုန်ဆေးရုံကြီးမှာ လာမယ့် မေလ စတင်ဖွင့်လှစ်သွားဖို့ ရှိနေပြီး တခြားဆေးရုံတွေမှာလည်း ဖွင့်လှစ်ဖို့ရှိနေတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က “လောလောဆယ်တော့ ခွေးကိုက်လူနာအများဆုံး လာရောက်ကုသတဲ့ ပြည်နယ်၊ တိုင်းတွေပေါ့။ အဓိကကတော့ ရန်ကုန်နဲ့ မန္တလေးပေါ့။ ပြီးရင် ကျန်တဲ့ ပြည်နယ်၊ တိုင်းတွေမှာလည်း ပြည်နယ်၊ တိုင်းအလိုက် ခွေးကိုက်ကုသမှုများတဲ့ ဆေးရုံတွေကို ဖွင့်မှာပါ။ ရန်ကုန်မှာတော့ မေလမကုန်ခင် ဆောင်ရွက်နိုင်ဖို့ စီစဉ်နေပါတယ်။ ဒီစင်တာတွေမှာ ခွေးရူးပြန်ကာကွယ်ဆေးတင် မကပါဘူး။ ခွေးကိုက်ခံရတဲ့ ဒဏ်ရာအဆင့်ပေါ်မူတည်ပြီးတော့ ကျနော်တို့က အဓိက လိုအပ်တဲ့ ခွေးရူးပြန် ရောဂါနဲ့ ပတ်သက်တဲ့ ပဋိပစ္စည်း ပဋိပစ္စည်း (rabies immunoglobulin) ကို ပတ်ပတ်လည်မှာ ထိုးပေးမှာပါ” လို့ ပြောပါတယ်။

ဒီစင်တာတွေ ဖွင့်လှစ်ရေးအတွက် ကျန်းမာရေးဝန်ကြီးတက်ရောက်တဲ့ အစည်းအဝေးတခု ကိုလည်း မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံတဝန်းမှာ လူပေါင်း ၁၉၀,၀၀၀ ကျော် (တရက်ကို လူပေါင်း ၅၀၀ ကျော်) ခွေးကိုက်ခံခဲ့ရတယ်လို့ ဒေါက်တာထွန်းတင်က ပြောပါတယ်။

“ဒါက ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ရောက်လာတဲ့ စာရင်းပါ။ မနှစ်က ခွေးရူးပြန်ရောဂါကြောင့် လူ ၇၀ ကျော်သေပြီး ဒီနှစ် အခုအချိန်အထိတော့ ၁၅ ယောက်လောက် ရှိပါတယ်” လို့ ပြောပါတယ်။

ပြီးတော့ နှစ်စဉ် စာရင်းတွေအရ တနှစ်ကို ခွေးရူးပြန်ရောဂါကာကွယ်ဆေး (anti rabies vaccine) အလုံးရေ ၄ သိန်းခွဲလောက် ဝယ်နေရသလို ခွေးရူးပြန်ရောဂါကာကွယ်ဆေးနဲ့ ခွေးရူးပြန်ရောဂါကုသမှု ပဋိပစ္စည်း (rabies immunoglobulin) အတွက် ကျပ်ငွေ သန်း ၅,၄၀၀ လောက် သုံးစွဲခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

အရင်ကဆိုရင် အသားထဲထိုးတဲ့ဆေးကို သုံးနေတာကြောင့် ပိုပြီး အကုန်အကျများပြီး အခုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာချက်အရ အရေပြားအောက်မှာထိုးနေတယ်လို့လည်း  ဒေါက်တာထွန်းတင်က ပြောပါတယ်။

“အသားထဲထိုးတာထက် အရေပြားအောက်ကိုထိုးတာက တဝက်လောက် ပိုပြီးသက်သာ တယ်။ အသားထဲ ထိုးတဲ့ဆေးက ၃ ကြိမ်မှာ ၄ လုံးကုန်တယ်။ အရေပြားအောက်ကို ထိုးတာကတော့ ၄ ကြိမ်မှာ ၂ လုံးတောင်မကုန်ပါဘူး။ ဒါကြောင့် ဆေးရော၊ ကုန်ကျငွေရောက တဝက် သက်သာသွားပါတယ်”

ခွေးကိုက်ခံရသူတွေအနေနဲ့ ဒီစင်တာတွေမှာ လာရောက်ကုသကြဖို့ကိုလည်း ကျန်းမာရေးဌာနက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013