
ဂျပန်နိုင်ငံတောင်ပိုင်းမှာ စစ်ရေးလေ့ကျင့်မှုအတွင်း မတော်တဆမှုတခုဖြစ်ပွားခဲ့ပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးသွားတယ်လို့ အစိုးရ အတွင်းရေးမှူးချုပ် မီနိုရု ကီဟာရာက ဧပြီ ၂၁ ရက်မှာပြောပါတယ်။
အိုအီတာပြည်နယ်ရှိ ဟီဂျူဒိုင် လေ့ကျင့်ရေးကွင်းမှာ မနက်ပိုင်း တင့်ကားပစ်ခတ်မှု လေ့ကျင့်ခန်း လုပ်နေချိန်မှာတင့်ကားထဲက ကျည်ဆန်ထားရှိတဲ့နေရာမှာ အမြောက်ဆံတခု ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး SDF တပ်ဖွဲ့ဝင် အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ကီဟာရာက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ၂၀၁၀ ပြည့်နှစ်ကတည်းက အသုံးပြုနေတဲ့ ဂျပန်ရဲ့ Type 10 အဓိက တိုက်ပွဲဝင်တင့်ကား အမျိုးအစား ပါဝင်ပတ်သက်နေတယ်လို့လည်း သူက ဆိုပါတယ်။
ဖြစ်ရပ်အသေးစိတ်နဲ့ အကြောင်းရင်းကို လောလောဆယ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် Type 10 နဲ့ Type 90 တင့်ကားတွေကို ဒီလို အမြောက်အမျိုးအစားနဲ့ လေ့ကျင့်တာတွေ၊ ဟီဂျူဒိုင် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်တာတွေကို ယာယီရပ်ဆိုင်းထားတယ် လို့လည်း ဆိုပါတယ်။
“ဒီဖြစ်ရပ်ကြောင့် အထူးစိတ်မကောင်းဖြစ်ရပြီး သေဆုံးသူ တပ်ဖွဲ့ဝင်တွေကို စိတ်ရင်းစေတနာဖြင့် ဝမ်းနည်းပါကြောင်း၊ ကျန်ရစ်သူ မိသားစုတွေကိုလည်း စာနာပါကြောင်း၊ ဒဏ်ရာရသူ တပ်ဖွဲ့ဝင်လည်း အမြန်ဆုံး ပြန်လည်သက်သာကောင်းမွန်ပါစေလိုကြောင်းလည်းထပ်မံ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ဂျပန်နိုင်ငံက ကာကွယ်ရေးပစ္စည်း တင်ပို့ရေးစည်းမျဉ်းတွေကို ဆယ်စုနှစ်တွေ အတွင်း အကြီးမားဆုံး ပြင်ဆင်ပြောင်းလဲမှုအဖြစ် ထုတ်ပြန်လိုက်ပြီး ဂျပန်နိုင်ငံဟာ နိုင်ငံခြားကို လက်နက်ရောင်းချမှု ကန့်သတ်ချက်တွေကို လျှော့ချကာ စစ်သင်္ဘောတွေ၊ ဒုံးကျည်တွေ စတဲ့ လက်နက်ပစ္စည်းတွေ တင်ပို့နိုင်မယ့် လမ်းဖွင့်ပေးလိုက်တဲ့နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။











