DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် တိုင်းရင်းသားစာပေ ၁၇ မျိုး သင်ကြားပေးနေ
DVB
·
April 22, 2019
စစ်ကိုင်းတိုင်းတွင် တိုင်းရင်းသားစာပေ ၁၇ မျိုး သင်ကြားပေးနေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်း၊ ရှမ်း၊ နာဂ စတဲ့ တိုင်းရင်းသားတွေအတွက် လူမျိုးစုစာပေ ၁၇ မျိုးကို သင်ကြားပေးနေတယ်လို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနက သိရပါတယ်။  

စစ်ကိုင်းတိုင်းမှာ ဗမာအပြင် ချင်း၊ ရှမ်း၊ နာဂ၊ ကတူး၊ ကနန်း စတဲ့ လူမျိုးတွေ အဓိကနေထိုင်ကြပါတယ်။  အဲဒီထဲက ကတူး၊ ကနန်းလူမျိုးတွေကတော့ စာပေပေါ်ထွက်ရေး အတွက် လုပ်ဆောင်နေဆဲဖြစ်ပြီး ချင်းလူမျိုးအနေနဲ့ ဟွာလ်ငို၊ ဇိုတုန်၊ လူရှိုင်း၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထာဒို စတဲ့ ဘာသာစကားတွေကိုတော့ သင်ကြားပေးနေပြီး ဂန်သဲမျိုးနွယ်စု ဘာသာစကားကတော့ စာပေသင်ကြားခွင့်ရရှိရေးအတွက် လျှောက်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။  

လူမျိုးအနေနဲ့လည်း သျှမ်း၊ ရှမ်းနီ၊ ဘုံရှမ်း စတဲ့ ဘာသာစကား ၃ မျိုး သင်ကြား ပေးနေပါတယ်။  နာဂလူမျိုးအနေနဲ့ ခယမ်ညူငန်၊ လိုင်းနောင်၊ ပေါင်းညွမ်၊ မကူရီ၊ တန်ကွန်၊ ဂျက်ဂျရ် စတဲ့ ဘာသာစကား ၆ မျိုးကို သင်ကြားပေးနေကာ ဂုဏ်ဝမ်ပိုညိုနှင့် ကိုညတ် သာသာစကားတွေကတော့ လျှောက်ထားဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဆွေက “၂၀၁၇- ၁၈ လောက်ကစပြီး စစ်ကိုင်းတိုင်းမှာ တိုင်းရင်းသားဘာသာစာပေတွေ သင်ကြား ပေးခဲ့တာပေါ့။  အခုနောက်ပိုင်း ပိုတိုးပြီး သင်ပေးလာတယ်။ တချို့တိုင်းရင်းသားတွေကတော့ စာပေပေါ်ထွက်ရေးအတွက် လုပ်နေကြတုန်းပဲ။ တချို့ကတော့ စာပေရှိပြီးဖြစ်လို့ သင်ကြားခွင့် ရရှိရေးလျှောက်ထားဆဲ ဖြစ်ပါတယ်။  တိုင်းရင်းသားတွေ ဘာသာစာပေတွေ သင်ကြားနိုင်ခွင့် ရတဲ့အတွက် တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ပါတယ်။ ”လို့ ပြောပါတယ်။

တိုင်းရင်းသားဘာသာစကား ၁၇ မျိုးကို စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၇ မြို့နယ်ရှိတဲ့ အထဲမှာ ပင်လည်ဘူး၊ တမူး၊ ကလေး၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ လေရှီး၊ ဗန်းမောက်၊ လဟယ်၊ အင်းတော်၊ ထီးချိုင့် စတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ သင်ကြားပေးနေတာဖြစ်ပါတယ်။  

တိုင်းရင်းသား စာပေသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမ လျှောက်ထားသူ အနေနဲ့လည်း ကျောင်းတွင်းသင်ကြားရေးအနေနဲ့ ၈၅၅ ဦး၊ ကျောင်းပြင်ပ သင်ကြားရေး ၅၇ ဦး စုစုပေါင်း ၉၁၂ ဦးရှိပါတယ်။  

တိုင်းရင်းသား စာပေသင်ယူမယ့် ကျောင်းသားကျောင်းသူအနေနဲ့ ပညာရေးဌာနရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ၅၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။  

တိုင်းရင်းသားစာပေသင်ကြားရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အထောက်အပံ့တွေကိုလည်း သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013