DVB Logo
Home
သုံးသပျခကျြ
အမေရိကန် ပါဝါနှင့် မြန်မာပြည်
DVB
·
October 26, 2012
အမေရိကန် ပါဝါနှင့် မြန်မာပြည်
1 / 2
Donate to DVB

အမေရိကန် ဒစ်ပလိုမေစီမှာ ကြီးမားတဲ့ မှတ်ကျောက်တခု (စမ်းသပ်မှု) ကတော့ မြန်မာပြည်နဲ့ ဆက်ဆံရေးပါပဲ။

မနှစ်တုန်းက မြန်မာပြည်ကို ကျနော် ၂ ခေါက်ရောက်သွားပါတယ်။ သေချာအောင် ထပ်ပြောရရင် မြန်မာပြည်အတွက် သွားရမယ့်ခရီးက အတော်အလှမ်းဝေးပါသေးတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး လူနည်းစု တိုင်းရင်းသားအုပ်စုတွေနဲ့ စစ်မှန်တဲ့ ရင်ကြားစေ့ရေးအတွက် လိုအပ်ချက်တွေက အမြောက်အမြား ရှိနေပါသေးတယ်။

ဒါပေမယ့် မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ထဲက သူ့အဖွဲ့သားတွေကို ကြည့်ရတာကတော့ ပြုပြင်ပြောင်းလဲမှုတွေကို ရိုးရိုးသားသား လုပ်နေတယ်လို့ ကျနော် ယုံကြည်ပါတယ်၊ အမှန်တကယ် တိုးတက်မှုတွေကိုလည်း သူတို့ လုပ်ဆောင်နေပါတယ်။

[caption id="attachment_32374" align="alignright" width="300" caption="အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်"][/caption]

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျနော့်ပြောခဲ့တဲ့ စကားကိုပဲ ပြန်ကောက်ချင်ပါတယ်။ မြန်မာအစိုးရက ဒီမိုကရေစီ အပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲတွေကို အပြောမဟုတ် လက်တွေ့ပြလာရင် အမေရိကန်ဘက်ကလည်း ထိုက်ထိုက်တန်တန် တုံ့ပြန်သင့်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။  ဒီလိုနည်းနဲ့ အပြောင်းအလဲတွေ အားကောင်းလာမယ်၊ မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးရှိလာမယ်၊ ဆက်ဆံရေးလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

နောက်ဆုံးကျင်းပသွားတဲ့ ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တို့ လွှတ်တော်ထဲကို ရောက်သွားကုန်ကြပြီဖြစ်လို့ အခု အချိန်ကတော့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားရတော့မယ့် အချိန်ပါပဲ။

တခုတော့ ရှိပါတယ်။ လက်နက်တွေကို ပိတ်ပင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု၊ ဒီမိုကရေစီကို ကဖျက်ယဖျက်လုပ်တဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးတဲ့၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အဓမ္မလုယက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတော့ ဆက်ထားရပါဦးမယ်။

ဆိုလိုတာက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အလုံးစုံ ပြန်ရုပ်ဖို့မဟုတ်ဘဲ ဆိုင်းငံ့ထားရုံလေးကို ဆိုလိုတာပါ။ ဒီကနေ နောက်ထပ်တဆင့် ဖြေလျှော့မှုတွေကတော့ မြန်မာပြည်က တိုးတက်မှုတွေ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဒီနေရာမှာ မြန်မာပြည်မှာ စီးပွားရေးလုပ်ကြမယ့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူမှုရေးအရ တာဝန်ခံမှုရှိစေမယ့် စံချိန်စံနှုန်းတွေအတိုင်း မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ (standards of corporate social responsibility) တော့ ချမှတ်ထားဖို့ လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ချထားပေးတဲ့ အမှားနဲ့ အမှန်လမ်းကြောင်း ၂ ရပ်ရှိပါတယ်။

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာ မြန်မာပြည်ရဲ့ ပုဂ္ဂလိကကဏ္ဍကို အားကောင်း မောင်းသန်ဖြစ်လာအောင် အထောက်အပံ့ဖြစ်စေရမယ်၊ နောက်ဆုံးမှာ စီးပွားရေးနဲ့ အရပ်သား အစိုးရအပေါ် စစ်တပ်က ထိန်းချုပ်ထားမှုတွေကို လျော့ကျသွားစေရမယ်။ ဒါက မှန်ကန်တဲ့ အပိုင်းပါ။

မမှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာကတော့ ဒါနဲ့ ပြောင်းပြန်ပါ။ လူတစုကောင်းစားရေးလုပ်တဲ့ အစိုးရသစ်တရပ်ကို ရှင်သန်အားကောင်းစေပြီး မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆယ်စုနှစ်တွေ နှောင့်နှေးစေမယ့် ရင်းနှီးမြှုပ်နှံမှု တွေကို ဆိုလိုပါတယ်။

ဒီလိုအကြောင်းတွေကို ထောက်ပြီး အခုလိုအချိန်မျိုးမှာ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်က ခြယ်လှယ်ထားဆဲဖြစ်တဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်သင့်တယ်လို့ ကျနော့်အနေနဲ့ မယုံကြည်ပါဘူး။ သူတို့ကို ဒီလို လုပ်ခွင့်လည်း မပေးသင့်ပါဘူး။

အမေရိကန် စီးပွားရေးသမားတွေအနေနဲ့ ထုတ်လုပ်မှုစရိတ်တွေ လျော့ကျအောင် အလုပ်သမားတွေရဲ့လုပ်အားခနဲ့ ရပိုင်ခွင့်တွေကို အမြီးဖြတ်၊ ခေါင်းဖြတ်လုပ်တဲ့ ကိစ္စမျိုးမှာ အာရှ ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ ဥရောပ ကုမ္ပဏီနဲ့တောင် မလွယ်ပါဘူး။ ဒီကိစ္စကို သွားမစမ်းတာက ပိုကောင်းပါတယ်။

ဒါကြောင့် တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို လိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကြဖို့ ကောင်းပါတယ်။ စံချိန်မီ အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစံချိန်စံနှုန်း၊ လူ့အခွင့်အရေး၊ နို်င်ငံ့အချုပ်အခြာ အာဏာဆိုတာတွေကို တန်ဖိုးထားရင်း အမေရိကန်စီးပွားရေး လုပ်ငန်းတွေရဲ့ အမှတ်လက္ခဏာကို အကောင်းဆုံးဖြစ်အောင် မှတ်ကျောက်တင်ကြဖို့ လိုပါတယ်။

အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်မှာ စီးပွားရေးလုပ်ရတဲ့ ရည်ရွယ်ချက် ကိုယ်နှိုက်က မြန်မာပြည်မှာ ကမ္ဘာ့စံချိန်မီ လူမှုရေးအရ တာဝန်ခံမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ပေါ်ပေါက်လာဖို့ ဆိုတာမျိုးဖြစ်သင့်ပါတယ်။ နောင်မှာ အမေရိကန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က  အမေရိကန် စီးပွားရေး လုပ်ငန်းတွေရဲ့ စံချိန်စံညွန်းတွေကို ကိုင်ပြီး တခြား စီးပွားရေးလုပ်ငန်းတွေလည်း လိုက်နာလာအောင်၊ လိုက်ပါလာအောင် ဖိအားပေးတဲ့နေရာမှာ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒီနည်းနဲ့ မြန်မာပြည်မှာ နောင်အခါ ပေါ်ပေါက်လာတော့မယ့် ဥပဒေသစ်တွေရဲ့ရေခံမြေခံတွေ ဖြစ်လာနိုင်ပါလိမ့်မယ်။

ဒါတွေအားလုံးအတွက် စိန်ခေါ်မှုတွေလည်း အမြောက်အမြားရှိနေတယ်ဆိုတာ အထူးပြောဖို့တောင် မလိုပါဘူး။ ကျနော်တို့ အားလုံးကြားမှာ နိုင်ငံရေးအရ ရန်ဖြစ်တမ်း ကစားနေကြတာတွေကို ဘေးချိတ်ပြီး အမေရိကန်ရဲ့အရေးကြီးတဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် တဖက်နဲ့ တဖက် အပြစ်ဖို့နေရမယ့် အချိန်မဟုတ်ပါဘူး။

ဒီလိုလုပ်နိုင်လိမ့်မယ်လို့လည်း ကျနော် ယုံကြည်ထားပါတယ်။ အမေရိကန် နေ၀င်ချိန် ဆိုပြီး ကြိုတင်နိမိတ်ဖတ်နေကြတာတွေကလည်း တကယ်တမ်း မမှန်ပါဘူး။ ဘာကြောင့် ဒီလို ပြောနိုင်သလဲဆိုရင် အမေရိကန် ပါဝါကို တင်ပို့တဲ့နေရာမှာ အရင်အတိုင်း ထိန်းထားနိုင်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာ အာရှတကျော့မှာတော့ အမေရိကန်ပါဝါအပေါ် နှစ်လိုမှုက  ကျဆင်းသွားတယ် ရယ်လို့ မရှိပါဘူး။

[caption id="attachment_32375" align="alignleft" width="300" caption="အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် သမ္မတ ဦးသိန်းစိန်"][/caption]

ဥပမာ မြန်မာပြည်ကို နောက်ဆုံးတခေါက်သွားခဲ့တုန်းက သမ္မတနဲ့ တွေ့ပါတယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေအားလုံးနီးပါး အစုံအလင်ရှိပါတယ်။ သမ္မတနဲ့ တွေ့ပြီးတဲ့အချိန်မှာ ၀န်ကြီးတွေနဲ့ တယောက်ချင်း လက်ဆွဲနှုတ်ဆက်ပါတယ်။ ဒီလို နှုတ်ဆက်တဲ့အချိန်မှာ ၀န်ကြီးတယောက်ရဲ့ အလှည့်မှာ သူက  “Fort Leavenworth, 1982” လို့ ပြောပါတယ်။ နောက်တယောက်ကလည်း “Fort Benning, 1987” လို့ ပြောပြန်ပါတယ်။

ဒီလိုနဲ့ တယောက်ပြီး တယောက်ပြောနေတာကို ကြားရတော့ ကျနော် စိတ်ထဲမှာ “အော်… လက်စသတ်တော့ ဒီပုဂ္ဂိုလ်တွေက အမေရိကန်နဲ့ မြန်မာအစိုးရတို့ အကြားမှာ ဆက်ဆံရေး မပြတ်တောက်ခင် အစောပိုင်းနှစ်တွေအတွင်းမှာ အမေရိကန်အစိုးရက စီစဉ်ခဲ့တဲ့ military exchange programs တွေမှာ တက်ရောက်ခဲ့ကြတဲ့ စစ်အရာရှိတွေဟောင်းတွေ ပါလားလို့ သိလာရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ၂ နိုင်ငံကြားမှာ ဘယ်လိုပဲ အဆင်မပြေတဲ့ အခြေအနေတွေ ရှိခဲ့တဲ့ တိုင်အောင် အခုအချိန်အထိ သူတို့ တတွေ အမေရိကန်ကို တသသ ဖြစ်နေကြတုန်းပါပဲ။ အမေရိကန်ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးထူထောင်ဖို့ သူတို့တတွေ အာသီသရှိ နေကြတုန်းပါပဲ။

(ယခုစာစုမှာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီတွင် ဩဇာကြီးသည့် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ရေးသည့် Why Asia Wants America  ဆောင်းပါးမှ မြန်မာပြည်နှင့် ဆိုင်သော အပိုင်းကို ကောက်နှုတ်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013