DVB Logo
Home
Lead Story
စိန်ခေါ်မှုများနဲ့ ပြောင်းလဲရေးခရီးသည်
DVB
·
April 22, 2019
စိန်ခေါ်မှုများနဲ့ ပြောင်းလဲရေးခရီးသည်
Donate to DVB

၂၀၁၉ ဧပြီလ ၁ ရက်နေ့။

လူထုမဲနဲ့တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ သုံးနှစ်တင်းတင်းပြည့်တဲ့ အချိန်။

ရခိုင်ပြည်နယ်မှာ ဗုံးသံ သေနတ်သံတွေ ဆူညံနေတဲ့ အချိန်။

တိုင်းရင်းသားဒေသတွေမှာ စစ်ရှောင်ဒုက္ခသည်တွေ တိုး တိုးလာတဲ့ အချိန်။

ဧရာဝတီမြစ်ဆုံအရေး လူထုက စိတ်မအေးရတဲ့ အချိန်။

မြန်မာပြည်ရာသီဥတုက အပူဆုံး နွေရောက်နေချိန်။

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းကို ခရီးထွက်ခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ ဧရာဝတီတိုင်း ပုသိမ်၊ မြောင်းမြ။ ဧပြီ ၂ ရက်နေ့မှာ အိမ်မဲ၊ ပန်းတနော်၊ မအူပင်၊ ညောင်တုန်း။ ဧပြီ ၄ ရက်နေ့မှာ မွန်ပြည်နယ် မော်လမြိုင်၊ ချောင်းဆုံနဲ့ သထုံမြို့တွေကိုပါ။

ဒီခရီးစဉ်ကို နိုင်ငံရေးအကဲခတ်တချို့က ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်လို့ မှတ်ချက်ပြုကြပါတယ်။ တချို့က အမေစုက အစိုးရအဖွဲ့ဝင်တွေကို ဆုံးမဖို့ ထွက်လာတာလို့ ပြောကြပါတယ်။

ဘယ်လိုပင်ပြောပြော ဘယ်လိုပင်မြင်မြင် ဘယ်လိုပင် မှတ်ချက်ပြုပြု ဒီခရီးစဉ် တလျှောက်လုံးကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြတာ တွေ့ရပါတယ်။

ဧရာဝတီတိုင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ သာမန်ပြည်သူတွေ အမြောက်အမြား ရှိပါတယ်။ ဒါပေမယ့် တွေ့ဆုံခွင့်ရဖို့၊ တင်ပြခွင့်ရဖို့ကတော့ စီစဉ်သူတွေက ယုံကြည်သူဖြစ်မှသာ တွေ့ခွင့်ရကြတယ်လို့ ဆိုပါတယ်။ မြေပြင်သတင်းထောက်တွေရဲ့ အဆိုအရတော့ စီစဉ်သူတွေနဲ့ ဇာတ်တိုက်ထားသူတွေသာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရကြတာလို့ ဆိုပါတယ်။

ဒါကြောင့်ထင်ပါရဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို တိုက်ရိုက်ထုတ်လွှင့်တဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ မေးသူနဲ့ ဖြေသူ အတိုင်အဖောက်ညီညီ မေးကြ၊ ဖြေကြ၊ လုပ်နေတာတွေကို အတိုင်းသား မြင်နေရပါတယ်။ မဆလခေတ် ဝန်ကြီးတွေ အောက်ခြေဆင်းတဲ့ ဝါဒဖြန့် ရုပ်သံခေတ်ကို ပြန်လည်သတိရစေပါတယ်။

အောက်ခြေ အဖြစ်အပျက်တွေကို ကိုယ်တိုင်ရင်ဖွင့်ချင်သူတွေကတော့ တွေ့ဆုံပွဲကျင်းပတဲ့ အဆောက်အဦ အပြင်ဘက် နေပူကျဲကျဲထဲမှာ ရင်ဖွင့်စာတမ်းတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး တောင်းဆိုနေတဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဆက်တိုက် တက်နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခန်းမအပြင်က လူတွေရဲ့ အသံကိုလည်း နားထောင်ချင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ အခါမှာတော့ ပွဲစီစဉ်သူတွေဟာ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မလွှဲသာ မရှောင်သာဘဲ အကန့်အသတ်နဲ့ တွေ့ဆုံခွင့် ပေးလိုက်ရပါတော့တယ်။ ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံကို ကောင်းကောင်းဒုက္ခပေးခဲ့တဲ့ အစိုးရဟောင်း ခေါင်းဆောင်တွေနဲ့ လက်ရှိ လူထုတင်မြှောက်ထားတဲ့ အစိုးရသစ် ခေါင်းဆောင်တွေဟာ မတူတော့ဘူးဆိုတာ ပြလိုက်တဲ့ ပြရုပ်တခုလည်း ဖြစ်ပါတယ်။

အစိုးရသစ်ကို အားမလိုအားမရဖြစ်နေတဲ့ အောက်ခြေလူထုရဲ့ အသံကို ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်နားထောင်ခွင့် ရခဲ့ပါတယ်။ ပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲကိုလည်း နားနဲ့ဆတ်ဆတ် ကြားခွင့်ရခဲ့ပါတယ်။

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို အကြမ်းဖျင်း ကြည့်မယ်ဆိုရင်….

၁။ သောက်သုံးရေ အလုံအလောက်ရရှိရေး

၂။ လမ်းပန်းဆက်သွယ်ရေး

၃။ လျှပ်စစ်မီး အလုံအလောက် ရရှိရေး

၎။ ပညာရေး

၅။ ကျန်းမာရေး

၆။ လယ်ယာမြေပိုင်ဆိုင်မှု စတာတွေကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရဲ့ နောက်ဆုံးမြို့ဖြစ်တဲ့ သထုံမြို့ရောက်တော့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲဟာ ပိုမိုစနစ်ကျလာပြီး သေသေသပ်သပ် ဖြစ်လာတာကို တွေ့ရပါတယ်။ စီစဉ်သူတွေဟာ လူထုကို မဲနှိုက်ပြီး တိုက်ရိုက်တင်ပြခွင့် ပေးလာရသလို လူထုဘက်ကလည်း ရတဲ့အချိန်တိုကလေးမှာ စနစ်တကျ ထိထိမိမိနဲ့ တင်ပြလာတာ တွေ့ရပါတယ်။

ဆိုးမွေတခုဖြစ်တဲ့ ကျူးကျော်ပြဿနာကို မခံစားနိုင်တဲ့ ပြည်သူနဲ့ ဖြေရှင်းဖို့ လမ်းကြောင်းရှာမတွေ့တဲ့ အစိုးရကြားမှာ ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် ကျူးကျော်တွေ တိုးမလာဖို့ တားစီးရမှာဖြစ်သလို  ရှိပြီးသား ကျူးကျော်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ နေစရာ တကယ်မရှိတဲ့ ပြည်သူတွေအတွက် အစိုးရမှာ တာဝန်ရှိသလို စီးပွားဖြစ် ကျူးကျော်သူတွေကို ဘယ်လိုဖော်ထုတ် တားဆီးရမလဲ ဆိုတာကိုလည်း  နည်းလမ်းရှာနေကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပွင့်လင်းတဲ့အပြောအဆို ရိုးရှင်းတဲ့ ပြောကြားချက်တွေကို လူထုက အားပေးထောက်ခံကြတာ တွေ့ရပါတယ်။

အစိုးရသစ်ကို အားမလိုအားမရ ဖြစ်နေတဲ့ ပြည်သူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေကြားက မကျေလည်မှုတွေကို ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ဆွေးနွေး တင်ပြကြတာကို ထိန်းကြောင်း တည့်မတ်ပေးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို ဒီခရီးစဉ်မှာ အထင်အရှား တွေ့မြင်လိုက်ရပါတယ်။

ဒီခရီးစဉ်ဟာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်လို မိမိအောင်နိုင်ရေး ခရီးစဉ် မဟုတ်သလို  လက်အောက်ငယ်သားတွေကို အာဏာပြ ဆုံးမတဲ့ ခရီးစဉ်လည်း မဟုတ်ဘဲ အစိုးရနဲ့ ပြည်သူတွေရဲ့ တာဝန်သိမှု၊ တာဝန်ခံမှုတွေကို မီးမောင်းထိုးပြခဲ့တဲ့ ခရီးစဉ်တခုသာ ဖြစ်ပါတယ်။

ဒါ့အပြင် အတွေးဟောင်း အမြင်ဟောင်း လမ်းဟောင်းတွေကို စွန့်ခွာ ခွဲထွက်ခဲ့တဲ့ ခရီးစဉ်တခုလို့လည်း ဆိုနိုင်ပါတယ်။

လမ်းကြောင်းတွေပြောင်းမှ အမြင်တွေပြောင်းမှာပါ။ အမြင်တွေပြောင်းမှ ခေတ်ဆိုးကြီးကို ပြောင်းနိုင်မှာပါ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013