DVB Logo
Home
မြန်မာသတင်း
ပေါင်နှံချေးငှားခြင်း (ဥပဒေရေးရာ အမေးအဖြေ)
DVB
·
April 20, 2019
ပေါင်နှံချေးငှားခြင်း (ဥပဒေရေးရာ အမေးအဖြေ)
Donate to DVB

လူမှုကွန်ရက်ကနေ မေးမြန်းလာတဲ့ ပေါင်နှံချေးငှားခြင်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဦးကျော်ဇေယျ (ဥပဒေပညာရှင်၊စာရေးဆရာ) ကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

မေး - မိတ်ဆွေရင်းတယောက်က ငွေအခက်အခဲရှိလို့ လွန်ခဲ့တဲ့ တနှစ်က ကျပ် ၃၀၀ တန် အခွန်တံဆိပ်ခေါင်းတန်စာချုပ်နဲ့ ချုပ်ဆိုချေးငှားပေးခဲ့ပါတယ်။ တနှစ်တိတိသာချေးမယ်လို့ စာချုပ်မှာထည့်ရေးခဲ့လို့ တနှစ်ပြည့်လို့ သွားပြန်တောင်းတော့ မဆပ်နိုင်သေးကြောင်း၊ ဘယ်တော့ ဆပ်နိုင်မယ်ဆိုတာကို မပြောနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လူလည်းအတွေ့မခံ၊ ဖုန်းဆက်တော့လည်း မကိုင်တော့ပါ။ ကျနော်ဟာ ငွေတိုးချေးစားသူ မဟုတ်တဲ့အတွက် အတိုးလည်းမယူပါ။ ဒီစာချုပ်က တရားစွဲဆိုဖို့ ပြည့်စုံတဲ့ အထောက်အထားဖြစ်ပါသလား။ ဘယ်လိုတရားစွဲရမလဲဆိုတာ သိလိုပါတယ်။

ဖြေ - သူက အတိုးလည်းမယူ၊ အခက်ခဲရှိလို့ကူညီတယ်၊ ချုပ်ဆိုထားတဲ့စာချုပ်ကလည်း ဥပဒေနဲ့အညီ ချုပ်ဆိုထားတာဖြစ်တဲ့အတွက် ချေးငွေပြန်ရလို့မှုနဲ့ တရားစွဲမယ်ဆိုရင် ရနိုင်ပါတယ်။ သတိထားရမှာက ၃ နှစ်အတွင်းမှာ ဆွဲရပါမယ်။ ၃ နှစ်ကျော်သွားရင် တရားမဝင်တော့ပါဘူး။

မေး - သူငယ်ချင်းက ငွေအခက်အခဲရှိလို့ အကူညီတောင်းတာနဲ့ ကျနော်ပိုင်ဆိုင်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ကို ပေါင်ဖို့ ငှားပေးလိုက်ပါတယ်။ ဒါပေမယ့် တနှစ်နီးပါးကြာတဲ့အထိ ပြန်မရွေးနိုင်လို့ အခက်အခဲဖြစ် နေပါတယ်။ အပေါင်ဆုံးသွားရင် လယ်ယာမြေပိုင်ဆိုင်ခွင့် လက်လွှတ်ဆုံးရှုံးသွားမှာလား။ ပုံစံ(၇) လက်ဝယ် ရှိသူဟာ မြေပိုင်ဆိုင်ခွင့် ရသွားမှာလားဆိုတာ သိလိုပါတယ်။

ဖြေ - လယ်ယာမြေဥပဒေပုဒ်မ ၉(ခ) မှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ချေးငှား ခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့် ရှိသည် ဆိုပါတယ်။ ဒါကြောင့် ပေါင်မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ အညီပေါင်မယ်ဆိုရင် တရားစွဲလို့ရပါတယ်။ မြေစာရင်းရုံးမှလုပ်ဆောင်ရမယ့် အချက်တွေရှိတယ် ။ အဲဒီလိုမှမဟုတ်ပဲ အရပ်စာချုပ်နဲ့ ချုပ်ထားပြီး အပေါင်ဆုံးဆိုပြီး ဒီမြေကို လာသိမ်းလို့ မရပါဘူး။ ပုံစံ ၇ ရထားလို့ သူလုပ်ပိုင်ခွင့်ရထားတယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ မဟုတ်ရင် ငွေပြန်ဆပ်ဖို့ပဲ ရှိတော့တာပေါ့။ ဒီမြေကြီးကတော့ သူပိုင်သွားတာ မဟုတ်ဘူးလို့ပဲ ဖြေချင်ပါတယ်။

မေး - မိတ်ဆွေတစ်ယောက်က အကူအညီလိုလို့ အိမ်ဂရမ်အပေါင်ထားပြီး တစ်လ ၅ ရာခိုင်နှုန်းအတိုးပေးမယ်ဆိုတဲ့အတွက် ၂၀၁၇ ဧပြီလမှာ သိန်း ၁၀၀ ထုတ်ချေးပေးခဲ့ပါတယ်။ သူ့အိမ်ကို လူငှားတင်ထားတာ ကြောင့် ၆ လစာချုပ်နဲ့ ချုပ်ဆိုခဲ့ပါတယ်။ တနှစ်ကြာတဲ့အထိ အတိုးမှန်မှန်မပေးပါ။ တနှစ်ကြာတဲ့အထိ အတိုးရော၊ အရင်းပါ မပေးတော့ဘဲ ရှောင်နေပါတယ်။ ရပ်ကွက်ရုံးကခေါ်လည်းမလာ၊ ဖုန်းလည်းမကိုင်တော့ပါ။  အိမ်ကို လက်ရောက်ရလိုမှုနဲ့ တရားစွဲလို့ရပါသလား။

ဖြေ - ပေါင်တယ်ဆိုတာမှာ အကျိုးခံစားထိုက် အောင်လို့ ပေါင်တာလား ဒါမဟုတ် အာမခံသဘောမျိုးနဲ့ပေးပြီး ပေါင်တာလား ဆိုတာသိဖို့လို့ပါတယ်။ တကယ့်ကို အကျိုးသက်ရောက်အောင်လို့ ပေါင်တယ်ဆိုရင် စာချုပ် စာတမ်းဥပဒေပုဒ်မ ၁၈ (ဂ )မှာ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းတန်းဖိုး ၁ သိန်းနဲ့ အထက်ဆိုရင် မှတ်ပုံတင်ရတယ်။ ဒါကြောင့် အရပ်စာချုပ်နဲ့ ပေါင်တယ်ဆိုတာက အာမခံသဘောမျိုးနဲ့ ပေးထားတဲ့သဘော။ အကျိုးသက် ရောက်စေချင်တယ်ဆိုရင် စာချုပ်ကိုမှတ်ပုံတင် (Register) ရပါမယ်။ အဲမှာ ဘယ်နေ့မှာ ပေးဆပ်ပါမယ်ဆိုတာပါ ပါတယ်။ ပျက်ကွက်ရင် ပစ္စည်းကိုယူခွင့်ရှိတယ် ဆိုတဲ့အချက်တွေလည်းပါရ ပါမယ်။ ဒီလိုလုပ်ထားမှ ရယူနိုင်တယ်။ မလုပ်ထားဘူးဆိုရင် ရယူနိုင်ခြင်းမရှိပါဘူး။

မေး - ကျနော်မှာ သားသမီးတွေရှိပေမယ့် အတူမနေကြပါဘူး။ အငယ်ဆုံးသမီးက ကျနော်နဲ့အတူနေပြီး  ပြုစုစောင့်ရှောက်တဲ့အတွက် လက်ရှိပိုင်ဆိုင်တဲ့ အိမ်ဝိုင်းကို သူ့ကိုပဲပေး လိုပါတယ်။ တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ကျန်တဲ့သားသမီးတွေ ကန့်ကွက်လို့ရပါသလား။ ကန့်ကွက်ရင် ပေးလို့မရဘူးလားဆိုတာ သိလိုပါတယ် ။

ဖြေ - ပေးချင်ရင်ပေးလို့ရပါတယ်။ ကန့်ကွက်မယ့်သူရှိရင်လည်း ကန့်ကွက်လို့ မရပါဘူး။ တခုရှိတာက အဲဒီလို ပေးတဲ့အခါမှာ သတိပြုရမှာက တကယ်လို့ သူသာဆုံးသွားရင် ကျန်တဲ့သားသမီးတွေက အမွေခံစားထိုက်တဲ့ အခွင့်အရေးတွေရှိတယ်။ ဒီအခွင့်အရေးတွေ ရနိုင်အောင်လို့ အမွေပစ္စည်းထားခဲ့တာမျိုး ရှိရလိမ့်မယ်။ အဲလိုမှ မရှိဘူးဆိုရင်၊ ကျန်တဲ့သားသမီးတွေက တပြားတချပ်မှ မရရင်တော့ ဒီပေးထားလိုက်တဲ့ ပစ္စည်းတွေက အလိုလို ဥပဒေအရ ပျက်ပါတယ်။ ဒါကို သတိထားရမယ်။ ဒါကြောင့် ဒီသမီးကို ပေးချင်ရင်လည်းပေး၊ နောက် ကျန်တဲ့သားသမီးတွေ အမွေ မဆုံးရှုံးအောင် စီမံထားပေးပါလို့ အကြံပေးချင်ပါတယ်။

မေး - အဖေက ပထမ မိန်းမနဲ့ကွဲပြီး ၁၂ နှစ်အကြာမှာ နောက်အိမ်ထောင်ပြုတယ်။ ပထမအိမ်ထောင်နဲ့ သမီးတယောက်ရတယ်။ နောက်မိန်းမနဲ့ သားသမီး ၃ ယောက်ရတယ်။ ပထမ အိမ်ထောင်ရှိစဉ်က လယ် ၈ ဧကရှိတယ်။ နောက်မိန်းမလက်ထက်မှာ လယ် ၂ ဧက အိမ်ခြံမြေရှိလာတယ်။ အခုအဖေဆုံးသွားပြီ။ ပထမမိန်းမနဲ့ မွေးတဲ့သမီးက အမွေလာ တောင်းနေပါတယ်။ ဘယ်လိုအမွေခွဲရမလဲ ဆိုတာ သိလိုပါတယ်။

ဖြေ - ပထမအိမ်ထောင်နဲ့ ကွဲစဉ်က ပစ္စည်းခန်းခွဲပြီးပြီလား ဒါကအရေးကြီးပါတယ်။ ခွဲပြီးပြီဆိုရင် ပထမအိမ်ထောင်က ပါလာတဲ့သားသမီး တနည်းအားဖြင့်  မိခင်နဲ့နေတဲ့သူက မိခင်ဆီကအမွေရမယ်၊ ဖခင်နဲ့ နေတဲ့သူက ဖခင်ဆီက အမွေရမယ်။ တကယ်လို့ မခွဲခဲ့ရဘူးဆိုရင် ပထမဇနီးက အသက်ရှိနေသေးသလား။ အသက်ရှိနေသေးတယ်၊ ကွာပြီးပစ္စည်းခန်း မခွဲရသေးဘူးဆိုရင် ၈ ဧကပေါ်မှာ သူရသင့်တာကိုတောင်းပေါ့။ ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား စာတိုင် ၁၄၃ အရ ၁၂ နှစ် အတွင်းတောင်းရပါမယ်။

နောက်တစ်ချက်က  တကယ်လို့ပထမဇနီးက မရှိတော့တဲ့အချိန်မှာ နောက်အိမ်ထောင် ထူတာလားဆိုတာ စဉ်းစားရပါမယ်။ အဲလိုဆိုရင် ပထမဇနီးနဲ့ ရတဲ့သားသမီးက လင်ပါမယားပါသား သမီးမဟုတ်ဘူးပေါ့။ မိခင် ဆုံးပြီးတော့မှာ နောက်အိမ်ထောင်ပါလာတာမဟုတ်ဘူး၊ ကွာသွားတာ ကျတော့ လင်ပါမယားပါ သားသမီး မဟုတ်ဘူး။ ဒါကြောင့် မိခင်က ကွယ်လွန်ပြီးပြီ အမွေကလည်း မတောင်းရသေးဘူးဆိုရင်  ပထမအိမ် ထောင်နဲ့ ရတဲ့သားသမီးက ပထမအိမ်ထောင်မှာ ဖြစ်ထွန်းတဲ့ပစ္စည်းပေါ်မှာ ၄ ပုံ ၃ ပုံ တောင်းခွင့်ရှိပါတယ်။ နောက် ထပ်ဖြစ်ထွန်းတဲ့ ပစ္စည်းပေါ်မှာ သက်ဆိုင်မှုမရှိဘူးလို့ပဲ ဖြေကြားချင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013