
ပြင်သစ်နိုင်ငံဟာ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ကို ပင်လယ်နီဆီ စေလွှတ်နေချိန်မှာ ချားလ်စ်ဒီဂေါလ် လေယာဉ်တင်သင်္ဘောက စူးအက်တူးမြောင်းကို ဖြတ်ကျော်နေတဲ့ ရုပ်သံကို မေ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ ဟော်မုဇ်ရေလက်ကြားကို လုံခြုံစေရေး အလားအလာရှိတဲ့ စစ်ဆင်ရေးတခုအတွက် အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပြီး အမေရိကန်နဲ့ အီရန်အစိုးရတွေကို သူတို့ရဲ့ ယှဉ်ပြိုင်ပိတ်ဆို့မှုတွေကြောင့် ဖြစ်လာမဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းနေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နဲ့ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ သွေးကြောတခုဖြစ်တဲ့ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းကို ထိန်းချုပ်ဖို့ အမေရိကန်နဲ့ အီရန်တို့ ရုန်းကန်နေရချိန်မှာ မေ ၄ ရက်က ပစ်ခတ်မှု အသစ်တွေက အန္တရာယ်တွေကို ပေါ်လွင်စေပါတယ်။
သီတင်း ၄ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေပြီး ရေလမ်းကြောင်းကို အပြိုင်အဆိုင် ပိတ်ဆို့မှုတွေကို ပိုအားကောင်းစေခဲ့ပါတယ်။
အခြေအနေတည်ငြိမ်သွားတာ ဒါမဟုတ် ပဋိပက္ခဖြေရှင်းပြီးသွားတာနဲ့ ရေလက်ကြားကတဆင့် ဘေးကင်းကင်း ဖြတ်သန်းသွားလာရေးအတွက် အခြေခံအုတ်မြစ်ချဖို့ ရည်ရွယ်တဲ့ အဆိုပြုချက်တရပ်အတွက် ပြင်သစ်နဲ့ ဗြိတိန်တို့ သီတင်းပတ်အတော်ကြာအောင် ဆောင်ရွက်နေခဲ့ကြပါတယ်။
အီရန်နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့လည်းလိုမှာဖြစ်ပြီး ပြင်ဆင်ရေး အစည်းအဝေးတွေ အများကြီးကို ဆွေးနွေးပြီးရင် နိုင်ငံပေါင်း တဒါဇင်က ဒီစစ်ဆင်ရေးမှာ ပါဖို့ ဆန္ဒရှိတဲ့အကြောင်း ဖော်ပြခဲ့ကြပါတယ်။
အီတလီနဲ့ ဒတ်ချ် စစ်သင်္ဘောတစင်းတို့အတူ လိုက်ပါလာတဲ့ ချားလ်စ် ဒီဂေါ လေယာဉ်တင်သင်္ဘောအုပ်စုဟာ ပင်လယ်နီ တောင်ပိုင်းဆီ ဦးတည်နေတယ်လို့ ပြင်သစ်စစ်တပ်က ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Source: Reuters










