DVB Logo
Home
Lead Story
နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
DVB
·
April 18, 2019
နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
Donate to DVB

ခုလို ပူအိုက်တဲ့ ရာသီမျိုးဆို နှာခေါင်းသွေးလျှံတဲ့ ပြဿနာတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ တချို့ နှာခေါင်းသွေးလျှံတာတွေက ပြဿနာ ကြီးကြီးမားမားမရှိဘဲ ပြန်ပျောက်သွားတာ များပါတယ်။ တချို့ကျတော့ နားနှာခေါင်း လည်ချောင်းမှာ ပြဿနာတခုခု ရှိတာကြောင့် နှာခေါင်းသွေးလျှံရတာ ဖြစ်ပါတယ်။ ဒါဆို နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ။  ။

နှာခေါင်းသွေး ဘယ်လိုလျှံရတာလဲ။


နှာခေါင်းဆိုတာ သွေးကြောများစွာနဲ့ ဖွဲ့စည်းထားတဲ့ အရာတခုပါ။ ဖွဲ့စည်းထားတဲ့ သွေးကြောမျှင်လေးတွေဟာ အင်မတန်ပါးပြီး ပေါက်ကွဲလွယ်ပါတယ်။ ဒါ့ကြောင့် လက်ကလေးနဲ့ နှာချေး ကလော်လိုက်ရုံနဲ့ အခန့်မသင့်ရင် သွေးတွေ ထွက်လာတတ်တာ ဖြစ်ပါတယ်။

နှာခေါင်းသွေးလျှံတာကို နေရာ ၂ ပိုင်း ခွဲလို့ရပါတယ်။


  • anterior nosebleed – နှာခေါင်းအရှေ့ပိုင်းက သွေးကြောလေးတွေ ကွဲတာ၊ ပျက်စီးသွားတာကြောင့် နှာခေါင်းသွေးလျှံခြင်းနဲ့

  • posterior nosebleed – နှာခေါင်းအနောက်ပိုင်းက သွေးကြောတွေ ပေါက်ပြီး သွေးထွက်တတ်တဲ့ ကိစ္စပါ။ နှာခေါင်းအနောက်ပိုင်းထွက်တဲ့ သွေးတွေကျတော့ အပြင်ကို ထွက်မလာဘဲ လည်ချောင်းထဲ ပြန်စီးဝင်သွားတတ်ပါတယ်။ ဒီနှာခေါင်းအနောက်ပိုင်း သွေးထွက်တဲ့ပြဿနာ ဖြစ်ရင်တော့ စိုးရိမ်ရတတ်ပါတယ်။


နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ။


နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ ရံဖန်ရံခါ ရုတ်တရက် နှာခေါင်းသွေးလျှံတာမျိုးက စိုးရိမ်စရာမရှိပေမယ့် ခဏခဏ နှာခေါင်းသွေးလျှံနေတာမျိုးဆို စိုးရိမ်စရာ ရှိလာပါပြီ။

  • ခြောက်သွေ့နေတဲ့ လေဟာ နှာခေါင်းသွေးလျှံခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရာတခုပါ။ ဒါ့ကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အိမ်တွင်း အပူပေးစက်တွေဟာ နှာခေါင်းအတွင်းသား ခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒီလိုခြောက်သွေ့လာတဲ့ နှာခေါင်းအတွင်းသားလေးတွေ ကွဲအက်လာပြီး ယားသလိုလို ဖြစ်လာတဲ့အခါ ကုတ်မိလိုက်တာနဲ့တင် နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေပါတယ်။

  • နှာစေးနှာပိတ်ရင်သောက်တဲ့ ဆေးတွေဖြစ်တဲ့ antihistamines နဲ့ decongestants တို့ဟာလည်း နှာခေါင်းအတွင်းသားတွေကို ခြောက်သွေ့စေတတ်ပြီး နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေတတ်ပါတယ်။

  • နှပ်ခဏခဏ ညှစ်ခြင်းဟာလည်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တခုပါ။


နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အခြား အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့

  • ပြင်ပက ပစ္စည်းတခုခု ဝင်သွားတာ

  • ဓာတုပစ္စည်းတွေနဲ့ ထိမိတာ

  • ဓာတ်မတည့်ဘဲ နှာစေးတာ

  • နှာခေါင်းမှာ တခုခုထိခိုက်မိတာ

  • ခဏခဏ နှာချေတာ

  • နှာချေးကလော်တာနဲ့

  • ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့ လေတွေကြောင့် နှာခေါင်းအတွင်းသားတွေ ခြောက်သွေ့ပြီး ကွဲအက်တာ

  • အသက်ရှူလမ်းကြောင်း ပိုးဝင်တာ

  • aspirin ဆေးပမာဏ အများကြီးသောက်မိလို့ သွေးဆဲလ်တွေ ထိခိုက်မိပြီး သွေးယိုစိမ့်တာတွေကြောင့် အပြင်


အခြား ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့

  • သွေးတိုးရောဂါ

  • သွေးကင်ဆာ

  • သွေးမတိတ်တဲ့ရောဂါ

  • ကင်ဆာရောဂါတွေဟာလည်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။


နှာခေါင်းသွေးလျှံတာ တော်တော်များများက ဆေးကုသမှု မလုပ်ရဘဲ သူ့ဘာသာ ပြန်ပျောက်သွားလေ့ ရှိပါတယ်။

ဘယ်အချိန်ဆို ဆေးခန်းသွားပြီး ဆေးကုသမှုခံယူဖို့ လိုအပ်မလဲ။


  • နှာခေါင်းသွေးလျှံတာ မိနစ် ၂၀ ကျော်နေပြီ ခုထိ မရပ်သေးဘူး

  • နှာခေါင်းကို ထိခိုက်မိပြီး နှာခေါင်းသွေးထွက်တာမျိုး (ချော်လဲတာ၊ ကားတိုက်တာ၊ မျက်နှာကို အထိုးခံရတာ) တဲ့ အခါမျိုးဆို နှာခေါင်းရိုးကျိုးတာ၊ ဦးခေါင်းခွံကွဲတာနဲ့ အတွင်းပိုင်း သွေးထွက်ခြင်းတွေကြောင့် နှာခေါင်းသွေးလျှံတတ်ပါတယ်။ ဒီလိုအချိန်မျိုးဆို နှာခေါင်းအနောက်ပိုင်းအခြမ်းက သွေးထွက်တာ ဖြစ်နိုင်တဲ့အတွက် ဆေးကုသမှုခံယူဖို့ လိုပါတယ်။


ရေးသားသူ Dr. Thin Yadanar @ Frances.

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013