DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပူလစ်ဇာဆုရရှိ
DVB
·
April 17, 2019
မြန်မာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပူလစ်ဇာဆုရရှိ
Donate to DVB

ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်  ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အခု ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ပေးအပ်တဲ့ ပူလစ်ဇာဆု ရရှိသွားပါတယ်။

ပူလစ်ဇာဆုဟာ အမေရိကန် သတင်းစာလောကမှာ သြဇာအရှိဆုံးဆုဖြစ်ပြီး အခုနှစ်အတွက် သတင်းစာပညာနဲ့ ပတ်သက်တဲ့ ဆု ၁၄ ဆုနဲ့ တခြားဆု ၇ ဆုရသူတွေကို  ဧပြီ၁၅ ရက်က ကြေညာခဲ့ရာမှာ မြန်မာသတင်းသမား ၂ဦးက နိုင်ငံတကာသတင်းထောက် တွေကို ပေးတဲ့ ဆု နှစ်ဆုအနက် တဆုရရှိသွားတာပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို စနစ်တကျနှင်ထုတ် သတ်ဖြတ်ခဲ့မှုအတွက် တာဝန်ရှိတဲ့ စစ်တပ်ရဲ့တပ်ဖွဲ့တခုနဲ့ ရွာသားတွေကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က  ကျွမ်းကျင်ပိုင်နိုင်စွာ ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ဆုပေးအပ်တာဖြစ်ပြီး ဒီလို ရဲရဲရင့်ရင့်သတ္တိရှိရှိ သတင်းပေးပို့ချက်ကြောင့် သတင်းထောက် ၂ ဦးဟာ ထောင်ချခံနေရတယ်လို့ ပူလစ်ဇာ ဆုရွေးချယ်ရေးအဖွဲ့က ဆိုပါတယ်။

သတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်၊ အင်ဒင်းရွာ လူသတ်မှု အကြောင်း ဖော်ထုတ်ရေးသားခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံလျို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲ ခံရပြီး  ၂၀၁၈ စက်တင်ဘာလမှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတာပါ။ သူတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး အယူခံတင်ထားရာမှာလည်း တရားရုံးက ပယ်ချထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုက်တာသတင်းထောက် ၂ ဦးဟာ သတင်းထောက်ဖြစ်လို့ ထောင်ချခံရတာ မဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်လို့ ထောင်ချခံရတာဖြစ်တယ်လို့ ပြောထား ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ် အပါအ၀င် နိုင်ငံတကာက ခေါင်းဆောင်တွေကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးဖို့ အစဉ်တစိုက် တောင်းဆိုနေပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ကလည်း ၂၀၁၉ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်ဆု  UNESCO/Guillermo Cano Press Freedom Prize ကိုပေးအပ်ဖို့ ရွေးချယ်လိုက်တဲ့ အကြောင်း ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်တဲ့ Person of the Year 2018 ဆုကိုလည်း အကျဉ်းကျခံနေရတဲ့ ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့အပါအ၀င် ဖိနှိပ်ခံ သတင်းသမား ၄ ယောက်ကို ရွေးချယ်ပေးအပ်ခဲ့ထားပါတယ်။

ပူလစ်ဇာဆုကိုတော့ မြန်မာတွေထဲ ၂၀၁၆ခုနှစ်မှာ မြန်မာသတင်းထောက် ကချင်တိုင်းရင်းသူ Esther Htusan ပါဝင်တဲ့ အေပီသတင်းအဖွဲ့က ရခဲ့ပြီး ကိုစိုးဇေယျထွန်း အပါအ၀င် ရိုက်တာဓာတ်ပုံသတင်းထောက်အဖွဲ့ကလည်း  ၂၀၁၈ ပူလစ်ဇာ သတင်း မှတ်တမ်းဓာတ်ပုံဆု ရရှိထားပါတယ်။

ဓာတ်ပုံ-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013