DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းဆက်မလုပ်ရန် တရုတ်သမ္မတကို အောင်လအန်ဆန်းတောင်းဆို
DVB
·
April 13, 2019
မြစ်ဆုံစီမံကိန်းဆက်မလုပ်ရန် တရုတ်သမ္မတကို  အောင်လအန်ဆန်းတောင်းဆို
Donate to DVB

မြစ်ဆုံရေကာတာ စီမံကိန်းကို မလုပ်ဖို့ One Championship ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုရရှိထားတဲ့ ကချင်တိုင်းရင်းသား  MMA ကစားသမား အောင်လအန်ဆန်းက တရုတ် သမ္မတကို တောင်းဆိုလိုက်ပါတယ်။

အောင်လအန်ဆန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ရေးသား တောင်းဆိုလိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုအတွက် မြစ်ဆုံက တန်ဖိုးကြီးလွန်းလို့ လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ခေါင်းစဉ်လောက်လေးနဲ့ ကတိကဝတ်တွေမပြုလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။

မြစ်ဆုံဟာ သဘာဝတရားကပေးတဲ့ လက်ဆောင်ကောင်းတွေထဲကတခုဖြစ်ပြီး ဒါဟာ ရှည်လျားလှတဲ့ သမိုင်းနောက်ခံအမွေအနှစ်တွေနဲ့ ရိုးရာယဉ်ကျေးမှုအနှစ်သာတွေကို ဖော်ကျူးထားတဲ့ပြယုဂ်တခုပဲလို့ အောင်လအန်ဆန်းက ဆိုပါတယ်။

“အဲဒီပြယုဂ်ကပဲ တိုင်းရင်းသားမျိုးနွယ်စုအများကြီးထဲကမှ ကချင်လူမျိုးတွေကို အများက သိအောင် ပြောပြနေပြီး ဆန်းကြယ်လှပတဲ့ဒီနေရာကို တသက်မှာ တခေါက်လာရောက် လည်ပတ်ဖြစ်အောင် ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။ ကျနော် ကလေးဘဝတုန်းက မိသားစုနဲ့ အတူ အရမ်းအေးတဲ့ မလိခမြစ်နားမှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အမှတ်တရလေးတွေကို မှတ်မိနေ ပါသေးတယ်။ မြစ်ဆုံနားက N-Mai Hka ကို ဖြတ်ပြီး လှေစီးခဲ့ကြတာတွေရောပေါ့။ ဒီနေရာတွေဟာ မြစ်ကြီးနားနဲ့ပတ်သက်ပြီး ကျနော့်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝ အမှတ်တရတွေပါပဲ။ အဲဒါကြောင့်လည်း Katie နဲ့ Ah De တို့ကို ကျနော့်ရဲ့မွေးရပ်မြေဟာ ဘယ်လောက်လှပတယ်ဆိုတာကို မျက်မြင်သက်သေပြချင်လို့ ဒီကိုရောက်တုန်းမှာ ဒီနေရာတွေကို ပထမဆုံး ခေါ်လာဖြစ်ခဲ့ပါတယ်” လို့  အောင်လအန်ဆန်းက ရေးသားထားပါတယ်။

ပြီးတော့ “မြန်မာ့သမိုင်းတလျှောက်မှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍဟာ အမြဲလိုလို ပါဝင်နေပါတယ်။ နောက်ပြီး လေးစားရပါတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတကြီး Xi Jinping ကိုလည်း မြစ်ဆုံရေကာတာကြီး မဆောက်လုပ်ဖို့ ကျနော့်အနေနဲ့ တောင်းဆို ချင်တယ်ဆိုတာပါပဲ” လို့ ဆိုထားပါတယ်။

နိုင်ငံတိုင်းဟာ သူတို့ကိုပေးထားတဲ့ သဘာဝတရားကြီးရဲ့လက်ဆောင်တွေကို ထိန်းသိမ်း စောင့်ရှောက်ရမှာ ဖြစ်တယ်လို့လည်း အောင်လက ရေးထားပါတယ်။

“ကျနော့်သား Ah De အသက်တွေကြီးလာပြီး သူ့ကလေးတွေရလာတဲ့ အချိန်အထိ သူ့ကလေးတွေကို ဒီလို အလှတရားတွေပြနိုင်ဖို့ ဒီမြစ်ဆုံနေရာလေးဟာ အခုလိုမျိုး အမြဲလှပနေစေပါလို့ ဆုတောင်း ပါတယ်” လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ- AungLaNsang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013