
ကရင်ပြည်နယ်၊ ဖွံ့ဖြိုးတိုးတက်စေဖို့ သင်္ကြန်နှစ်သစ်မှာ စိတ်သစ်လူသစ် စုပေါင်းအင်းအားသစ်နဲ့ ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ကရင်ပြည်နယ် မြို့တော် ဘားအံမြို့၊ ကမ်းနားလမ်းမှာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဒီကနေ့ သင်္ကြန် အကြိုနေ့မနက်က ကျင်းပရာမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်ဖွင့်လှစ် ပြောကြားလိုက်တာပါ။
“ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်ကြီးဖြစ်စေဖို့ ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်မှုက အရေးကြီးပြီး အဖွဲ့အစည်းတခု၊ ဌာနတခု၊ အစိုးရတခုတည်းနဲ့ ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းမဟုတ်ဘဲ ပြည်သူနဲ့ အတူကြိုးစားရုန်းကန်ရမယ့် ကာလတခုဖြစ်တာကြောင့် ပြည်နယ်အစိုးရနဲ့ အတူ ပြည်သူတွေရဲ့စုပေါင်းအင်အားနဲ့ ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျမတို့အားလုံး နှစ်သစ်မှာ စိတ်သစ်လူသစ် စုပေါင်းအင်းအားသစ်နဲ့ တည်ဆောက်ကြမယ်ဆိုရင် တူညီတဲ့ ရည်ရွယ်ချက်မျှော်မှန်းထားကျတဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာဖြစ်တယ်”
ဒါ့အပြင် တနိုင်ငံလုံး ငြိမ်းချမ်းရေအတွက်လည်း ပြည်သူတွေရဲ့စုပေါင်းအင်းအားနဲ့ အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ပေးဖို့လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဒီဗွီဘီရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားသွားပါတယ်။
“ဒီနေ့က တနိုင်ငံလုံးရဲ့ နှစ်သစ်ကူးနေ့။ ငြိမ်းချမ်းရေးကလည်း ကျမတို့အတွက် တနိုင်ငံလုံးအတွက် ဖြစ်တယ်။ ပြည်သူတွေရဲ့ စုပေါင်းအင်းအားနဲ့ ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျမတို့ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်းပြီးတော့ ပူးပေါင်းပါဝင်ပေးကြပါ။ ကျမတို့ပြည်သူတွေ ပါဝင်ရင် ငြိမ်းချမ်းရေးက ရမှာသေချာတယ်” လို့ ပြောပါတယ်။
ဘားအံမြို့ကမ်းနားလမ်းတလျှောက်မှာ ပျော်ရွှင်စွာ ရေကစားနိုင်ဖို့ ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာ မဏ္ဍပ် ၇ ခု၊ ကုမ္ပဏီမဏ္ဍပ် ၂ ခုနဲ့ ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်တွေ လည်း ဆောက်လုပ်ထားပါတယ်။
ကရင်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု၊ မူခင်းကြို တင်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ၊ တပ်မတော်နဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို နေ့စဉ် စစ်ဆေး ဆောင်ရွက်နေပါတယ်။
သတင်း- ရဲမင်းခေါင်











