နယ်စပ်ဒေသတွင် လက်နက်ကိုင်တိုက်ခိုက်ခြင်းကို တရုတ်က ခွင့်မပြု လက်မခံ
DVB
·
April 12, 2019

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသမှာ လက်နက်ကိုင်ပြီး ဆန့်ကျင်တိုက်ခိုက်တောင်းဆို မှုတွေကို တရုတ်နိုင်ငံအနေနဲ့ လက်မခံသလို ခွင့်လည်းမပြုဘူးလို့ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ၀ီဖန်းဟီက ပြောပါတယ်။
ဧပြီ ၁၀ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတုန်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။
“တရုတ်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသ ထာဝရ တည်ငြိမ်အေးချမ်းရေးဟာ အဓိက လိုလားချက်ဖြစ်ပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်တောင်းဆိုမှုတွေကို လက်မခံသကဲ့သို့ ခွင့်လည်းမပြုပါ”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အိမ်နီးချင်းနိုင်ငံတွေ ထိခိုက်စေမယ့် ကိစ္စရပ်တွေကို လက်မခံဘူးလို့ ပြန်လည်ဆွေးနွေးပါတယ်။
“တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဟာ တပ်မတော်ရဲ့ အဓိက လိုလားချက်ဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းပြီး တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းအောင်မြင်ဖို့ လားပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပွားတဲ့ ပြဿနာတွေဟာ နှစ်ဘက် သက်ရောက်မှုရှိပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထိခိုက် စေမယ့် ကိစ္စရပ်တွေကို လက်ခံမှာ မဟုတ်ဘဲ တရုတ်နိုင်ငံနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်”
တရုတ်နိုင်ငံမှာ ချစ်ကြည်ရေး ခရီးသွားရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီ ၁၀ရက်မှာပဲ တရုတ် သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၉ ရက်ကတည်းက တရုတ်နိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတာ ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ခုတကြိမ်တွေ့ဆုံမှုဟာ ၅ ကြိမ်မြောက်တယ်လို့ တပ်မတော် ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလကုန်ပိုင်းမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။