
အီရန်နိုင်ငံနဲ့ ညှိနှိုင်းနေတဲ့ သဘောတူညီချက် စည်းကမ်းချက်တွေအပေါ် စိတ်တိုင်းမကျသေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အီရန်က သဘောတူညီချက်ရဖို့ ဆန္ဒပြင်းပြနေပေမဲ့ အခုချိန်ထိ ရလဒ်မထွက်သေးဘူးလို့ ထရမ့်ပ်က ဆိုပါတယ်။
သဘောတူညီချက် မရဘူးဆိုရင်တော့ စတင်ထားတဲ့ အလုပ်ကို အဆုံးသတ်ရလိမ့်မယ်လို့ သမ္မတက သတိပေးပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့ မူကြမ်း သဘောတူညီချက် ရထားတယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ဟာ လုံးဝ လုပ်ကြံဖန်တီးမှု ဖြစ်တယ်လို့ အိမ်ဖြူတော်က ပယ်ချထားပါတယ်။
မေ ၂၇ ရက်က ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အီရန်ဟာ ရွေးချယ်စရာမရှိတော့ဘဲ သဘောတူညီချက်ရဖို့ပဲ လိုချင်နေတာလို့ သမ္မတက သတင်းထောက်တွေကို ပြောပါတယ်။
ဆွေးနွေးပွဲတွေမှာ “တိုးတက်မှုနဲ့ စိတ်ဝင်စားမှုတချို့” ရှိနေပြီး “လာမဲ့နာရီပိုင်းနဲ့ ရက်ပိုင်းတွေမှာ တိုးတက်မှုတွေ ရ၊ မရ ဆိုတာ ဆက်ကြည့်ရမှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောပါတယ်။
ဒါပေမဲ့ ရေလက်ကြားကို ဘယ်သူမှ ထိန်းချုပ်ခွင့်ရမှာ မဟုတ်ဘဲ ချက်ချင်း ပြန်ဖွင့်ရမယ်လို့ ထရမ့်ပ် က ဆိုပါတယ်။
အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကို သမ္မတက ငြင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ရုရှားနဲ့ တရုတ်ကို အီရန်ရဲ့ ယူရေနီယံတွေ ဖယ်ရှားခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေကိုလည်း ထရမ့်ပ်က ပယ်ချခဲ့ပါတယ်။
Source: Reuters










