DVB Logo
Home
မြန်မာသတင်း
အေအေအဖွဲ့ ဖမ်းဆီးသွားသည့် မြောက်ဦး ရဲတပ်ရင်းက မိသားစုဝင်များ ပြန်လွတ်မြောက်
DVB
·
April 12, 2019
အေအေအဖွဲ့ ဖမ်းဆီးသွားသည့် မြောက်ဦး ရဲတပ်ရင်းက မိသားစုဝင်များ ပြန်လွတ်မြောက်
Donate to DVB

ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မြောက်ဦးမြို့က ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၇ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အမှတ် ၃၁ လုံခြုံရေးရဲတပ်ဖွဲ့ ဌာနချုပ်ကို ဧပြီ ၉ ရက် ညပိုင်းမှာ အေအေတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး​နောက်​ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးသုံးဦး၊ မိခင်တဦး၊ ယောက်ျားလေးတဦးနဲ့ မိန်းကလေးငယ်နှစ်ဦး စုစုပေါင်း ၇ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဖမ်းဆီး​ခံရသူအားလုံး ဧပြီ ၁၁ ရက် ညပိုင်းမှာ ပြန်​လည်​လွတ်မြောက်လာပြီလို့  ​မြောက်​ဦးပြည်​နယ်လွှတ်​​တော်​အမတ်​ ဦးထွန်းသာစိန်​က ဒီဗွီဘီကို ပြောပါတယ်​။

"မ​နေ့ညပိုင်းက ပြန်လွတ်​လာကြတယ်​လို့ ကြားတယ်​။ မြောက်​ဦး ​ဆေးရုံအုပ်​ကြီးကို ဖုန်းဆက်​ပြီး​မေးကြည့်တော့ မှန်​ပါတယ်​၊ အတည်​ပြုလို့ရပါပြီလို့ ပြောတယ်။ ထိခိုက်​ဒဏ်​ရာရသူ​တွေ မရှိပါလို့လည်း ပြော​ပါတယ်​။"

ဖမ်းဆီးသွားတဲ့ ရဲမိသားစုတွေကို မနေ့ညနေပိုင်းက မြေပြင်တပ်မှူးတွေက လုံခြုံတဲ့နေရာရောက်တဲ့အထိ ပို့ပြီး အကုန်ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကလည်း ဒီဗွီဘီကိုအတည်ပြု ပြောပါတယ်။

သူတို့တွေကို တပ်မတော်ကပြောသလို ဖမ်းဆီးသွားခဲ့တာမဟုတ်ဘဲ တိုက်ပွဲတွင်းက ကယ်ထုတ်ပေးခဲ့တာ ဖြစ်တယ်လို့ ခိုင်သုခက ဆိုပါတယ်။

တပ်မတော်ဘက်က အေအေအဖွဲ့ဝင်တွေဆိုပြီး ဖမ်းဆီးထားတဲ့ သူတွေဟာလည်း သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ ဒေသခံ အရပ်သားတွေသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝဘက်က စစ်ထောက်လှမ်းရေးတွေဆိုပြီး ဖမ်းဆီးထားသူတွေကိုလည်း အေအေတပ်ဖွဲ့က စစ်ဆေးနေပြီး အပြစ်မရှိတဲ့သူတွေကို ပြန်လွှတ်ပေးသွားမယ်၊ အပြစ်ရှိတဲ့သူတွေကိုတော့ ထပ်မံထိန်းသိမ်းထားမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

သတင်း - ဗညား/အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013