အစ္စရေးနိုင်ငံက လက်ဘနွန်နိုင်ငံတောင်ပိုင်းက မြို့ပေါင်း တဒါဇင်ကျော်မှာ နေတဲ့ လက်ဘနွန်နိုင်ငံသားတွေ ဘေးကင်းရာဆီ ရွှေ့ပြောင်းဖို့ ဧပြီ ၂၈ ရက်မှာ အတင်းအကျပ် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မကြာမီတိုက်ပွဲတွေ မဖြစ်မီမြောက်ဘက်ဆီ အရေးပေါ်ပြောင်းရွှေ့ဖို့လည်း သတိပေးခဲ့ပါတယ်။ မြို့နဲ့ ရွာပေါင်း ၁၆ ရွာတို့မှာ လက်ဘနွန်တောင်ပိုင်းရဲ့ တခုတည်းသော ဆေးရုံတည်ရှိရာ တက်ဘနင်မြို့လည်း ပါပါတယ်။
ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ပြီး နာရီဝက်အကြာမှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ အစ္စရေးက ရွှေ့ပြောင်းမှုအမိန့်အောက်က နယ်မြေတွေထဲက ချက္ကရာ၊ ခါဘက် ဆယ်လ်မ်နဲ့ ကူနင်းရွာတို့ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ရဲ့ အာရဗီဘာသာ စကားနဲ့ ပြောရေးဆိုခွင့်ရှိသူ အဗီချေ အာဒရီက “ခင်ဗျားတို့က အိမ်တွေကို ချက်ချင်း စွန့်ခွာပြီး သတ်မှတ်ထားတဲ့နေရာကနေ စီဒွန်ခရိုင်ဆီ ပြောင်းဖို့လိုတယ်”လို့ X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ဟစ်ဇ်ဘိုလာတွေက အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်လို့ ဒီလုပ်ဆောင်ချက်က လိုအပ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ အပြောတွေကို ထောက်ခံဖို့ အထောက်အထားတော့ မပြနိုင်ပါဘူး။ အလားတူ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုအမိန့်တွေဟာ လက်ဘနွန် ဒေသအများစုဆီကို ဝင်ရောက်ဖို့ ခက်ခဲစေပါတယ်။
အပစ်အခတ်ရပ်စဲရေးရှိနေတဲ့ကြားက အစ္စရေးစစ်တပ်က တနင်္လာနေ့မှာ အရှေ့လက်ဘနွန်ကို လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပြီး လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လက်ဘနွန် အာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးက လက်ဘနွန်အရှေ့ပိုင်း ဘီကာချိုင့်ဝှမ်းနဲ့ နိုင်ငံတောင်ပိုင်းက လက်နက်သိုလှောင်ရုံတွေ၊ ဒုံးကျည်ပစ်လွှတ်တဲ့ နေရာတွေ အပါအဝင် ဟစ်ဇ်ဘိုလာတွေရဲ့ အခြေခံအဆောက်အအုံ နေရာ ၂၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။
လက်ဘနွန်သမ္မတ ဂျိုးဇက်ဖ်အာအွန်က အစ္စရေးနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေက အစ္စရေး-ဟစ်ဇ်ဘိုလာစစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး လက်ဘနွန်ကို စစ်ပွဲထဲ ဆွဲသွင်းသူတွေက “သစ္စာဖောက်မှု” ကျူးလွန်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေဟာ အစ္စရေးစစ်တပ်က အရေးယူ ဆောင်ရွက်ဖို့လိုတဲ့ အဓိကခြိမ်းခြောက်မှုတခုအဖြစ် ဆက်ရှိနေပြီး အစ္စရေးက ဆက်လက် တိုက်ခိုက်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက တနင်္လာနေ့မှာ ပြောပါတယ်။
အစ္စရေးက မမျှတတဲ့ အင်အားနဲ့ လက်စားချေခဲ့ပြီး လက်ဘနွန်မှာရှိတဲ့ အရပ်သားတွေက အပြင်းထန်ဆုံးတန်ဖိုးကို ပေးဆပ်ခဲ့ရတယ်လို့ အာရပ်မီဒီယာတွေက သုံးသပ်ပါတယ်။
မတ် ၂ ရက်မှာ အစ္စရေးကို ဟဇ်ဘိုလာတွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း အစ္စရေး-ဟဇ်ဘိုလာ စစ်ပွဲအတွင်း ကလေး ၁၇၀ ကျော် အပါအဝင် လူ ၂,၅၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
Source: Reuters










