DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ဖွံ့ဖြိုး တိုးတက်ရေး ဆက်ကူညီမည်ဟု တရုတ်သမ္မတက မြန်မာကာချုပ်ကိုပြော
DVB
·
April 11, 2019
မြန်မာပြည်ဖွံ့ဖြိုး တိုးတက်ရေး ဆက်ကူညီမည်ဟု တရုတ်သမ္မတက မြန်မာကာချုပ်ကိုပြော
Donate to DVB

မြန်မာနိုင်ငံဟာ ပြည်တွင်းပြည်ပဖိအားတွေကိုရင်ဆိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့မြင်ရတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့  မြန်မာကို ဆက်လက်ကူညီပေးသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ချစ်ကြည်ရေး ခရီးသွားရောက်နေတဲ့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို   တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ဧပြီ ၁၀ ရက်ညနေက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် ဧည့်ခန်းမမှာ တွေ့ဆုံပြောကြားခဲ့တာလို့  တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံစဉ်မှာ တရုတ်သမ္မတက တရုတ်-မြန်မာ နှစ်နိုင်ငံဟာ ယခင်ကတည်းက ပါတီ၊ အစိုးရ၊ ပြည်သူတွေနဲ့ တပ်မတော်အချင်းချင်း ကျယ်ပြန့်တဲ့ ဆက်ဆံရေးရှိပြီး တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးဟာ ပိုမိုရင်းနှီးကျယ်ပြန့်ကြောင်းပြောပါတယ်။

“မြန်မာနိုင်ငံဟာ ပြည်တွင်းပြည်ပဖိအားတွေကိုရင်ဆိုင်ပြီး ခေါင်းဆောင်အသီးသီးက နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ မှုတွေကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်လာတာကိုတွေ့မြင်ရပြီး မိမိအနေနဲ့ အသိအမှတ်ပြု ပါကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက်အလေးထားပါကြောင်း၊ တရုတ်နိုင်ငံအနေနဲ့လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ပြီး နောင်မှာလည်း ဆက်လက်ကူညီဆောင်ရွက် ပေးသွားမယ်” လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ်ကလည်း တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်း အောင်မြင်မယ်လို့ ယုံကြည်ကြောင်း၊ အဆိုပါစီမံကိန်းမှာ မြန်မာနိုင်ငံအတွက် အကျိုးပြုမယ့် စီမံကိန်းလုပ်ငန်းများစွာပါဝင်ပြီး မြန်မာပြည်အတွက် အကျိုးဖြစ်ထွန်းမယ့် စီမံကိန်းတွေကို တပ်မတော်အနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင့် မြန်မာနိုင်ငံမှာ ကျေးလက် ဒေသမှာ နေထိုင်သူများပြားပြီး သူတို့ရဲ့ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရန်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ကြောင်း ဒါ့ကြောင့်  မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီဆောင်ရွက်ပေးစေလိုကြောင်းလည်း မြန်မာတပ်မတော် အကြီးအကဲက ပြောကြားခဲ့ ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၉ ရက်နေ့ကတည်းက တရုတ်နိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတာ ဖြစ်ပြီး  တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ခုတကြိမ်တွေ့ဆုံမှုဟာ ၅ ကြိမ်မြောက်တယ်လို့ တပ်မတော် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013