DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုက်ပွဲများကြောင့် နေရာစွန့်ခွာသူများကို အကူအညီပေးရန် အမေရိကန်အာရုံစိုက်နေ
DVB
·
April 11, 2019
ရခိုင်တိုက်ပွဲများကြောင့် နေရာစွန့်ခွာသူများကို အကူအညီပေးရန် အမေရိကန်အာရုံစိုက်နေ
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရာစွန့်ခွာသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ အမေရိကန်က အာရုံစိုက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိသံအမတ်ကြီး စကော့မာစီရယ်က ပြောပါတယ်။

ဧပြီလ ၁၀ ကနေပြည်တော်ရှိ Hilton ဟိုတယ်ဝန်းအတွင်းမှာ ဆောက်လုပ်မယ့် အမေရိကန်သံရုံး ဆက်ဆံရေးရုံး ပန္နက်တင်အခမ်းနားအပြီး မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုရာမှာ ပြောသွားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်နေတာတွေ၊ လူအများကြီး နေရပ်ကနေ စွန့်ခွာပြေးနေရတာတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ဒီဖြစ်ရပ်တွေကြောင့် အစိုးရကို ပိတ်ဆို့ အရေးယူမှုလုပ်ဖို့ထက် လတ်တလောမှာ အချက်နှစ်ချက်ကို အာရုံထားနေတယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး စကော့မာစီရယ်က "အဲ့လိုမျိုးတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအသီးသီးကနေ တိုက်ခိုက်မှုတွေ လျှော့ချပြီးတော့ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ ကျနော်တို့ အများကြီးမျှော်လင့်ထားပါတယ်။ ကျနော်တို့ကတော့ အခုလိုမျိုးအရပ်သားတွေ ထိခိုက်ဆုံးရှုံးမှုရှိလာတဲ့အခါမှာ မျှော်လင့်တာက ဒီတိုက်ခိုက်မှုတွေရပ်သွားဖို့မျှော်လင့်တယ်။ ပြီးတော့ အဲ့လိုတိုက်ခိုက်မှုတွေကြောင့် နေရပ်ကနေ စွန့်ပြေးသွားရတဲ့သူတွေအတွက် လိုအပ်တဲ့ လူသားချင်းဆိုင်ရာအကူအညီတွေကို ပေးအပ်ဖို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့်လတ်တလောမှာ အဲ့ဒီကိစ္စတွေကို ကျနော်တို့ အာရုံထားနေတာဖြစ်ပါတယ်"လို့ ပြောပါတယ်။

ရခိုင်အရေးကြောင့် မြန်မာနိုင်ငံအပေါ် တခြားနိုင်ငံတွေက ဝေဖန်ပြစ်တင်မှုတွေရှိနေချိန်မှာ အခုလို မြန်မာအစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ဆက်ဆံရေးရုံးလာဖွင့်တာဟာ ဆက်ဆံရေးကို တိုးချဲ့တာမျိုးမဟုတ်ဘဲ အရင်ကတည်းကရှိခဲ့တဲ့ ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းလာခဲ့တယ်လို့ ဆိုပါတယ်။

လေးလေးနက်နက်ရှိပြီးသား နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်တာပဲဖြစ်သလို မြန်မာ နိုင်ငံ အတွင်း လူ့အခွင့်ရေးချိုးဖောက်တာတွေရှိခဲ့ရင်လည်း ဝေဖန်ထောက်ပြတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီလို ဝေဖန်ထောက်ပြမှုတွေ လုပ်တာဟာလည်း မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေရဲ့ မိတ်ဆွေအနေနဲ့ ပြုလုပ်တာဖြစ်ပြီး သူတို့အနေနဲ့ ကျောခိုင်းသွားတာ၊ ရှောင်ဖယ်သွားတာ မဟုတ်ဘူးလို့ သံအမတ်ကြီးက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်ခံစားလွယ်တဲ့ လူမှု အသိုက်အ၀န်းတွေအပါအ၀င် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီ လိုအပ် နေတာတွေကို ဖြေရှင်းနိုင်ဖို့ ဒေါ်လာသန်း ၃၀၀ နီးပါးကိုလည်း ၂၀၁၇၊ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်က ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013