DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ထာဝရမိတ်ဆွေဟု ပေကျင်းရောက် ဗိုလ်ချုပ်မှူးကြီးပြောကြား
DVB
·
April 10, 2019
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ထာဝရမိတ်ဆွေဟု ပေကျင်းရောက် ဗိုလ်ချုပ်မှူးကြီးပြောကြား
1 / 5
Donate to DVB

တရုတ်နိုင်ငံကို မြန်မာနိုင်ငံရဲ့ ထာဝရမိတ်ဆွေ၊ မဟာဗျူဟာမိတ်ဘက်နိုင်ငံ အဖြစ်သတ်မှတ်ထားတယ်လို့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီဇိုချန်းနဲ့  ဧပြီ ၉ ရက် မွန်းလွဲပိုင်းက ပေကျင်းမြို့မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနဲ့ တရုတ်နိုင်ငံဟာ ရှေးယခင်ကတည်းက ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးရှိခဲ့ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အလယ်မှာ မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရှိ ကြောင်းပြောပါတယ်။

တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီဇိုချန်းကလည်း  တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတွေကို အတူညှိနှိုင်းဆောင်ရွက်သွားဖို့၊ နိုင်ငံတကာ ဆက်ဆံရေးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့၊ ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ဖို့  စတဲ့ နယ်ပယ်(၅) ခုကို တိုးမြှင့် ဆောင်ရွက်သွားလိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ နှစ်နိုင်ငံလုံးအတွက်အရေးကြီး ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေမယ့် မည်သည့် အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်ကိုမဆို လက်ခံမှာ မဟုတ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ထောက်ကူမှုပြုလုပ်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ တရုတ်နိုင်ငံဗဟိုစစ် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်ကြီး ဆူကျီလျန်းနဲ့လည်းတွေ့ဆုံပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံရဲ့ ကူညီနေမှုတွေကို ကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးေ မျှာ်မှန်းချက်အဖြစ် တိုင်းပြည် တည်ငြိမ် အေးချမ်း အောင်ဆောင်ရွက်နေ ပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေမှာ ရှုပ်ထွေးမှုတွေရှိနေလို့  ခက်ခဲစွာ လုပ်ဆောင်နေရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ နိုင်ငံတကာ ရေးရာဌာန၀န်ကြီး မစ္စတာ ဆောင်တာအိုနဲ့လည်း တွေ့ဆုံခဲ့ပြီး ပေကျင်းမြို့ရှိ ဗုဒ္ဓ မြတ်ဆွယ်တော်ကိုလည်း သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြပါတယ်။

ဓာတ်ပုံ-ကာချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013