
ရှမ်းပြည်မြောက်ပိုင်းက မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်မှာ ကိုးကန့်တပ် (MNDAA) က နယ်စပ်ကုန်သွယ်ရေးဂိတ် ဆောက်လုပ်နေတယ်လို့ ကိုးကန့်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်ဆီက သိရပါတယ်။
‘ဝ’ တပ် UWSA နဲ့ ကိုးကန့်တပ် - MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်ဘက်က သတ်မှတ်ထား တဲ့ နယ်စပ်စည်းကိုကျော်ပြီး ခြံစည်းရိုး ရှေ့တိုးခတ်လာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ MNDAA ဘက်ကတော့ အဲဒါဟာ နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ် ဆောက်လုပ်နေတာလို့ ဆိုပါတယ်။
MNDAA စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က “ချင်းရွှေဟော်မှာ MNDAA နယ်စပ်ကုန်သွယ်ရေး ဂိတ် ဆောက်နေတာ။ တရုတ်ဘက်က ဆောက်ပြီးသွားပြီ။ နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ် ဆောက်နေတာပါ။ ဘယ်တော့ပြီးမလဲ သေသေချာချာ တိတိကျကျ ပြောမရသေးဘူး။ အခုတော့ လမ်းတွေ ဖောက်နေတယ်” လို့ DVB ကို ပြောပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ဘက်မှာရော တရုတ်ဘက်မှာရော ဂိတ်အသစ်ဆောက်လုပ်နေတာလို့ သိရပါတယ်။
MNDAA စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က “နယ်စပ်ခြံစည်းရိုးတွေလည်း နဂိုကတည်းက ရှိနေတာပါ။ တရုတ်ဘက်က ဆောက်ပြီးသွားတာကြာပြီ။ ဒါကြောင့် ကျနော်တို့ဘက်က ပြန်ဆောက်ဖို့ နယ်စပ်မှာ ဆောက်လုပ်ရေးတွေ လုပ်နေတာပါ” လို့ ဆက်ပြောပါတယ်။
အခုဆောက်လုပ်နေတဲ့ MNDAA နယ်စပ်ဂိတ်ဟာ အရင်ကရှိခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် အနီးမှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဘက်က နယ်မြေကျူးကျော်ခြံစည်းရိုးခတ်နေတယ်ဆိုတဲ့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။










