DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို အင်းစိန်ထောင် ပြောင်းရွှေ့
DVB
·
April 7, 2019
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို အင်းစိန်ထောင် ပြောင်းရွှေ့
1 / 4
Donate to DVB

ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဧပြီ ၆ ရက်နေ့ ညပိုင်းလောက်က စစ်တွေ အကျဉ်းထောင်ကနေ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကို တာဝန်ရှိသူတွေက ပြောင်းရွှေ့လိုက်ပါတယ်။

ဧပြီလ ၆ ရက်နေ့ ၇ နာရီဝန်းကျင်လောက်က စစ်တွေကနေ လေယာဉ်နဲ့ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပေမယ့် မိသားစုဝင်တွေ တစုံတရာမသိရှိဘူးလို့ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းကပြောပါတယ်။

“သက်ဆိုင်ရာ အာဏာပိုင်တွေက ကျနော်တို့မိသားစုတွေကို တစုံတရာအကြောင်းကြားတာ မရှိဘူး။ ထောင်ပြောင်းမယ်ဆိုတာကိုလည်း ဘာမှ မသိဘူး။ မနေ့က ကျနော့်အဖေကို ရန်ကုန်ကို ယူလာတယ်လို့ သတင်းရပါတယ်။ မနေ့က လေဆိပ်မှာကျနော် စောင့်နေသေးတယ်ဗျ။ ဒါပေမယ့် ဘယ်အပေါက်ကနေ သူတို့ ထွက်သွားတယ်ဆိုတာ ကျနော်တို့ မသိလိုက်ဘူး။ အခု ဒီကနေ့ မနက်ပိုင်းက အင်းစိန်ထောင်ကို သွားတော့ အခု အဖေတို့ အင်းစိန်ထောင်ကိုရောက်နေတယ်။”

အင်းစိန်ထောင်ကို သွားရောက်ခဲ့ပေမယ့် ဒီနေ့ ရုံးပိတ်ရက်ဖြစ်လို့ ထောင်တာဝန်ရှိသူတွေက တွေ့ခွင့်မပေးခဲ့ဘဲ မနက်ဖြန်မှ လာရောက်တွေ့ဖို့ ပြောဆိုခဲ့တယ်လို့ သားဖြစ်သူ ဦးတင်မောင်ဝင်းက ပြောဆိုပါတယ်။

စာရေးဆရာဝေဟင်အောင်ကို လာရောက်တွေ့ဆုံဖို့ ဒီကနေ့ မနက်ပိုင်းက စစ်တွေကနေ လေယာဉ်နဲ့ ရန်ကုန်ကို ရောက်ရှိလာတဲ့ အကိုဖြစ်သူဦးသိန်းဝင်းက အခုလို မိသားစုဝင်တွေကို တစုံတရာအသိမပေးဘဲ ပြောင်းရွှေ့ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပါတယ်။

“အခုလို ဘာမှတစုံတရာ အသိမပေးခဲ့တဲ့အပေါ် ခံပြင်းတယ်။ ဒေါသထွက်တယ်။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မိသားစုဝင်တွေကိုတော့ အသိပေးခဲ့သင့်တယ်။ ဘယ်ခေါ်သွားတယ် ဆိုတာကို။ မနေ့ညက ဘယ်ကိုများခေါ်သွားသလဲ၊ ဘယ်ရောက်သွားသလဲဆိုတာ၊ ကျနော်တို့မှာ စိတ်ပူပင်လိုက်ရတာ။ အခုခေတ်မှာ ဒီလိုဒီမိုကရေစီလို့ ကြွေးကြော်တာတွေဟာ စစ်အစိုးရခေတ်တွေထက်တောင် ဆိုးနေတယ်။ စိတ်မကောင်းတော်တော် ဖြစ်ရတယ်။”

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရသေ့တောင် စာပေ ဟောပြောမှုနဲ့ ပတ်သက်လို့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုထိခိုက်တယ်ဆိုပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်း ဆက်သွယ်မှုနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာပါ။

ထောင်ပြောင်းရွှေ့ရတဲ့ အခြေအနေကို သိရဖို့ စစ်တွေထောင် အာဏာပိုင်တွေကို ဖုန်းဆက်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013