ဘူးသီးတောင်တွင် တပ်မတော်နှင့်အေအေအဖွဲ့ တိုက်ပွဲဖြစ်ပွား၊ ဒေသခံများ ထွက်ပြေး
DVB
·
April 6, 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်း မြန်မာတပ်မတော်နဲ့ အေအေတပ်ဖွဲ့ အကြား ဒီနေ့ မနက် ၉ နာရီကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖုံညိုလိပ်ကျေးရွာတာဝန်ခံ ရှော်ဖိလ်က ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာနဲ့ သရက်ပြင်ကျေးရွာအကြား တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
"ဒီနေ့ နက် ၉ နာရီအချိန်လောက်မှာ စဖြစ်နေကြတာပါ။ ဖုံညိုလိပ်ကျေးရွာ နဲ့ သရက်ပြင်ကြားမှာပါ။ လက်နက်ကြီး လက်နက်ငယ်တွေ ဆူညံစွာနဲ့ တိုက်ပွဲဖြစ်နေတာကြားနေရပါတယ်။ ကျနော်တို့ ဖုံညိုလိပ် ဘင်္ဂါလီရွာမှာက စစ်ဘေး ဒုက္ခသည် ၁၈၀၀ ကျော်ရောက်ရှိနေပါတယ်။ ဒီလိုတိုက်ပွဲတွေ ရွာအနီး ဆက်ဖြစ်လာတော ရွာသူ/သားတွေရော စစ်ဘေးဒုက္ခသည်တွေပါ အလွန်စိုးရိမ်နေကြပါတယ်။ အခုရွာထဲဘက်ကို ၀င်ရောက် ပစ်ခတ်တာတွေကြောင့် ကျေးရွာသားတွေ အသက်လုပြီး ထွက်ပြေးနေကြတယ်။”
ဧပြီ ၅ ရက်နေ့ မနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ၀ါးနက်ရုံ ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောကြားပါတယ်။
“ဧပြီ ၅ ရက်နေ့မနက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် မြောက်ဘက်မှာပေါ့နော် ဒီ ၀ါးနက်ရုံအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းပြင်းထန်ထန်နဲ့ ဖြစ်ခဲ့တယ်။ ရန်သူ့ဘက်ကနေပြီးတော့ ၁၀ ဦးထက် အထက် ကျဆုံးတာရှိတယ်။ ရန်သူဆီကနေပြီးတော့ RPG တလက် အပါဝင်ပေါ့နော် လက်နက် ၁၀ လက်သိမ်းဆီးရခဲ့တာ ရှိတယ်။ နောက် ၆၀ မမဗုံးသီးတွေ၊ နောက်အခြား စစ်အသုံးဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိတာ ရှိတယ်။"
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ၀င်းဇော်ဦးက “မနေ့က ၀က်နက်ရုံမှာဖြစ်တာတော့မှန်ပါတယ်။ လက်နက်တွေ သိမ်းမိတာကတော မဟုတ်ပါဘူး။ အေအေက သက်သက်ဝာဒဖြန့်တာပါ။ ထိတွေတိုက်ပွဲတွေကတော နေ့စဉ်လိုလိုဖြစ်နေပါတယ်၊ ဒီနေ့ သရက်ပြင်နဲ့ ဖုံညိုလိပ်ကြားဖြစ်တာတော့ မသိသေးပါဘူး” လို့ ပြောပါတယ်။
ဆင်သေပြင်၊ ထိပ်တူးပေါက်၊ အာဘူ၊ တောင်ရွာ၊ သရက်ပြန်။ ဖုံညိုလိပ်၊ ရေချမ်းပြင်၊ ကျောက်ရံ၊ ကြာညိုပြင် စတဲ့ ဘဂါင်္လီကျေးရွာတွေက လူဦးရေ ၁၀၀၀၀ နီပါး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။