DVB Logo
Home
မြန်မာသတင်း
ကြက်သွန်ပေါ်စချိန် တောင်သူများ မျှော်မှန်းသည့်ဈေးနှုန်းမရသဖြင့် အရှုံးပေါ်
DVB
·
April 6, 2019
ကြက်သွန်ပေါ်စချိန် တောင်သူများ မျှော်မှန်းသည့်ဈေးနှုန်းမရသဖြင့် အရှုံးပေါ်
Donate to DVB

မြန်မာနိုင်ငံမှာ ဆောင်းကြက်သွန်တွေ ကြက်သွန်တွေပေါ်နေပြီဖြစ်ပေမယ့် ဈေးကွက်အနေအထားအရ ၁ ပိဿာကို ၂၇၀ ကျပ်ကနေ ၃၅၀ ကျပ်ဝန်းကျင်နဲ့သာ ဒိုင်ကို သွင်းနေကြရလို့ တောင်သူတွေ မျှော်မှန်းသလောက် ဈေးမရရှိဘဲ အများစုက ရှုံးနေကြတယ်လို့ သိရပါတယ်။

“တောင်သူအတွက်က သွင်းအားစု၊ လုပ်အားခ၊ စိုက်ပျိုးစရိတ်၊ မျိုးဖိုးနဲ့ဆိုရင် ၁ ပိဿာကို အနည်းဆုံး ၄၀၀၊ ၄၅၀ မှမရရင် အဆင်မပြေတော့ဘူး။ ဒီကြားထဲ ရာသီဥတုက ရှိသေးတယ်။ ဒီနှစ်ဆိုရင် တောင်သူအများစု ရှုံးတယ်။ အရင်စိုက်တဲ့ သူတွေလောက်ပဲ အရည်အသွေးမီတဲ့ ကြက်သွန်၊ အထွက်နှုန်းရတယ်။ နောက်ကျတဲ့သူက ကြက်သွန်ဖော်ခါနီး မိုးရွာတော့ အထွက်နှုန်းလျော့သွားပြီး အရည်အသွေးလည်း မကောင်းတော့ဘူး။ အဲလိုဖြစ်နေတဲ့အပြင် အခုတခါ ဈေးကွက်ပါမရှိတော့ ပိုဆိုးတော့တာပေါ့” လို့ မုံရွာမြို့နယ်က ကြက်သွန်စိုက်တောင်သူ ကိုရန်နိုင်ဌေးက ပြောပါတယ်။

မနှစ်ကလည်း ကြက်သွန်စိုက်တောင်သူတွေ မျှော်မှန်းတဲ့ ဈေးရခဲ့ပေမယ့် မျိုးဈေးကြီးတာ၊ မျိုးမအောင်လို့ အထွက်နှုန်းနည်းခဲ့ကြတာကြောင့် တော်တော်များများ အဆင်မပြေခဲ့ကြပါဘူး။

ကြက်သွန်က မျိုးစေ့၊ ရာသီဥတုအဆင်ပြေရင် ၁ ဧကကို ပိဿာချိန် ၄၀၀၀ ကျော်ကနေ ၆၀၀၀ ဝန်းကျင်ထိ ထွက်ပါတယ်။ ဒီနှစ်မှာတော့ ၁ ဧကကို ပျမ်းမျှ ၃၀၀၀ ဝန်းကျင်သာ ထွက်တယ်လို့ဆိုပါတယ်။

“သင်္ကြန်ပြီးရင်တော့ ဈေးလေးတက်လာမယ်လို့ မျှော်လင့်တာပဲ။ နိုင်ငံခြားက ဝယ်တာလည်း မရှိသေးဘူး။ လောလောဆယ်တော့ မုံရွာဘက် ထွက်တဲ့ ကြက်သွန်တွေကို အရည်အသွေးအလိုက် ၄ မျိုးခွဲပြီး ရန်ကုန်ကို နေ့စဉ်တင်ပို့နေတယ်။ ဘာလို့လဲဆိုတော့ တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံတို့ဘက်ကလည်း ဒီနှစ် ကြက်သွန်အထွက်နည်းတယ်။ ဈေးကွက်အနေအထားအရတော့ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေလို့ ဈေးကျတဲ့ သဘောဖြစ်နေတယ်”လို့ ကြက်သွန်ပွဲစားတဦးကလည်း ပြောပါတယ်။

ကြက်သွန်က စိုက်စရိတ်ကြီးမားပြီး ကုန်ကျစရိတ်အနေနဲ့လည်း ၁ ဧကကို ၁၅ သိန်းကျပ်ဝန်းကျင် ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်လို့ သွင်းအားစုတွေကို သီးနှံပေါ်ပေး အတိုးနဲ့ ကုမ္ပဏီတွေဆီက ယူနေကြရတာပါ။

နိုင်ငံတော်အနေနဲ့ ဈေးကွက်တည်ငြိမ်ဖို့နဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ လုံလောက်အောင် ထုတ်ပေးစေချင်တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

မုံရွာမြို့နယ်မှာတော့ ကြက်သွန်ကို ကျွဲရဲ၊ တောင်ပလူ၊ အက်တော၊ သမန္တာ စတဲ့ ကျေးရွာတွေမှာ အများဆုံး စိုက်ပျိုးကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013