DVB Logo
Home
မေးမြန်းခန်း
သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သတင်းစာရှင်းပွဲ ပြုလုပ်
DVB
·
October 21, 2012
သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သတင်းစာရှင်းပွဲ ပြုလုပ်
Donate to DVB

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတရပ်ကို နေပြည်တော် သမ္မတအိမ်တော်မှာ ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း နိုင်ငံခေါင်းဆောင်တဦးရဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲဖြစ်ပြီး သတင်းသမား ၁၃၀ လောက် တက်ရောက် သတင်းရယူခဲ့ကြပါတယ်။

သမ္မတသတင်းစာရှင်းလင်းပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းထောက် ကိုအံ့ဘုန်းမြတ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

သမ္မတရဲ့ သတင်းစာရှင်းလင်းပွဲကို မသွားခင်မှာ သက်ဆိုင်ရာကနေ သတင်းစာ ရှင်းလင်းပွဲမှာမေးမယ့် မေးခွန်းတွေကို ကန့်သတ်တာ၊ သတ်မှတ်တာ လုပ်တာရှိပါလား။

“အဲလိုမရှိပါဘူး။ စစပိုင်းက ဒီလိုမေးခွန်းကြိုပေးဖို့ အစီအစဉ်ရှိပေမယ့် မနေ့ညကပဲ အဲအစီအစဉ်ကိုဖျက်လိုက်ပြီးတော့ သတင်းထောက်တွေကို မေးချင်တဲ့ မေးခွန်းကို အစီအစဉ်တကျ မေးရပါတယ်။ မေးခွန်းမေးတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းပေါ့နော်။ သမ္မတကြီးလည်း ပွင့်ပွင့်လင်းလင်းပြောတာကို တွေ့ခဲ့ရပါတယ်။”

သမ္မတက သတင်းသမားတွေ မေးတာမဖြေခင်မှာ အဖွင့်နည်းနည်းပါးပါး ပြောသွားတယ်လို့ သိရပါတယ်။ အဖွင့်မှာ အဓိက ဘာအကြောင်းတွေပြောသွားပါလဲ။

“အဓိကက နိုင်ငံတကာကို သူရောက်တဲ့အချိန်မှာ နိုင်ငံတကာသတင်းမီဒီယာတွေကို တွေ့ဆုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။ နောက် သတင်းမီဒီယာဆိုတာဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့အတွက် သူတို့အစိုးရအဖွဲ့လုပ်ဆောင်နေတာတွေကို ရေးသားကြဖို့ ဖော်ပြကြဖို့ ဒါမျိုးတွေကို ၅ မိနစ်စာလောက် သူပြောသွားပါတယ်။”

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးတာ မေးခွန်းတွေအများကြီးဖြစ်မှာပေါ့။ အဲတော့ အပိုင်းလိုက် တခုလောက် မေးချင်တာက ပြည်တွင်းငြိမ်းချမ်းရေး ကချင်မှာတိုက်ခိုက်နေတာတွေနဲ့ ပတ်သက်ပြီး သမ္မတက ဘာပြောသွားပါလဲ။

“ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက်ကို သူ့အနေနဲ့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အစိုးရ အဆင့်အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွေနဲ့ ဖွဲ့စည်းလုပ်ဆောင်နေတယ် ဆိုတာတွေ ပြောပါတယ်။ နိုင်ငံရေးအရ အခက်အခဲတွေကိုလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ပဲ လုပ်ဆောင်ဖို့ပေါ့ ဒီလိုမျိုး ဆက်လုပ်သွားမယ်ဆိုတာမျိုး ပြော ပါတယ်။ နောက် ပြည်တွင်းစစ်ဆိုတာကလည်း သမ္မတပြောသွားတဲ့ အတိုင်းပြောပြရရင် ပြည်တွင်းစစ်ဖြစ်လို့ ကေအိုင်အေ တပ်သားတယောက်ကျတယ် ဆိုလည်း ပြည်ထောင်စုအတွက်နစ်နာတယ်။ အဲလိုပဲ မြန်မာ့တပ်မတော်က ရဲဘော်တယောက်ကျတယ်ဆိုလည်း ပြည်ထောင်စုနစ်နာတယ်ပေါ့။ အဲအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး၊ အောက်ခြေမှာ သူ့အနေနဲ့ ပြဿနာတွေမဖြစ်ရအောင်အထိ လုပ်ဆောင်သွားလိုတဲ့ ဆန္ဒရှိတယ်ဆိုတာလည်း ပြောဆိုသွားပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ တွေ့ဆုံဆွေးနွေးရေး ရလဒ်တွေမှာလည်း တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးပဏာမသဘောတူညီမှု စာချုပ်တွေ ချုပ်ဆိုနိုင်တာမျိုးတွေလည်း မေးခွန်းတွေဖြေကြားတဲ့အခါ ထည့်သွင်းပြောဆိုသွား တာ တွေ့ရပါတယ်။”

ကချင်နဲ့ဖြစ်နေတဲ့ကိစ္စကို ဘယ်ကာလ ဘယ်အတိုင်းအတာအတွင်းမှာ အပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားပါမယ်လို့ မပြောသွားဘူးလား။

“အဲလိုမျိုး အချိန်ကာလသတ်မှတ်ပြီး လုပ်ဆောင်သွားမယ်လို့ သမ္မတက ပြောသွားတာမျိုးတော့ ကျနော် သတိမထားမိပါဘူး။”

နောက်တခုက အခုထိ မဆုံးနိုင်သေးတဲ့ တယ်လီဖုန်းကိစ္စပေါ့။ ဆက်သွယ်ရေးနဲ့ပတ်သက်လို့ ၅ထောင်တန်ဖုန်းကိစ္စရော မေးမြန်းကြသေးလား။ သမ္မတကရော ဘာတွေဖြေကြားသွားပါလဲ။

“သမ္မတကတော့ ၅ ထောင်တန်ဖုန်းတင် မဟုတ်ဘူး လူတိုင်းကို အလကားဖုန်းတွေပေးချင် တယ်လို့ ဖြေသွားပါတယ်။ ၅ ထောင်နဲ့ ကိစ္စမှာတော့ နည်းပညာပိုင်းအရ အခက်အခဲတွေ ရှိနေတဲ့အတွက် အသေးစိတ် အချက်အလက် ဘယ်လိုမျိုးဆိုတာတော့ မပြောသွားပါဘူး။”

တခြား ထူးထူးခြားခြား ဒီနေ့ သမ္မတ ဘာတွေပြောသွားသေးလဲ။

“သတင်းစာဆရာတယောက်မေးတာမှာ အခုလက်ရှိ လွှတ်တော်တွေက ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ အဆင်မပြေတာတွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါ သမ္မတက လွှတ်တော်ဆိုတာ သူ့ကိုတောင် ရာထူးကနေ ဖြုတ်ချလို့ရတဲ့ အခြေအနေ၊ ဩဇာအာဏာရှိတယ်၊ လွှတ်တော်ကိုတော့ သူ့အနေနဲ့ သွားပြီး လွှမ်းမိုးလို့မရဘူး၊ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ မှာ ပြည်သူထဲက ရွေးကောက် တင်မြှောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကသာ လုပ်ဆောင်သင့်တယ်ဆိုတာမျိုး မှတ်ချက်ပေး ပြောဆိုတာရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်ခင်ပဲဖြစ်ဖြစ်၊ နောက်ပိုင်းတွေမှာ ဘယ်အချက်ကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပါဆိုတာမျိုး ပြောလို့မရတဲ့အကြောင်း ဒါတွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေပဲ လုပ်ကိုင်လို့ရတဲ့အကြောင်း ရှင်းလင်းပြောကြားသွားမျိုး ထူးထူးခြားခြား တွေ့လိုက်ရပါတယ်။”

ဒီဗွီဘီအနေနဲ့ရော မေးမြန်းခွင့်ရလိုက်ပါသေးလား။

“ကျနော်တို့ကိုတော့ သူ့ရဲ့ နိုင်ငံခြား ခရီးစဉ်တွေမှာ ကျနော်တို့ သတင်းဌာနတွေနဲ့ တွေ့ဆုံပြီး အင်တာဗျူးခွင့်ပေးခဲ့တဲ့အတွက် ဒီသတင်းစာရှင်းလင်းပွဲမှာတော့ မေးခွန်းမေးမြန်းခွင့် မပေးပါဘူး။”

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ကိုအံ့ဖုန်းမြတ်ကိုယ်တိုင် တက်ရောက် သတင်းရယူခဲ့ရတော့ သတင်းစာရှင်းလင်းပွဲကို ခြုံငုံပြီး ပြောမယ်ဆိုရင် သမ္မတအနေနဲ့ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံပွဲအပေါ်မှာ လှိုက်လှိုက်လှဲလှဲ လိုလိုလားလား နှစ်သက်ပုံရလား။ ဘယ်လိုခံစားရလဲ။ ပြောပြပေးပါ။

“ကျနော့်အမြင်ကတော့ သမ္မတကြီးက သတင်းမီဒီယာသမားတွေအပေါ်မှာ ထားရှိတဲ့ စိတ်နေသဘောထား၊ သူ့ရဲ့ အပြုအမူ အပြောအဆိုတွေအပေါ်မှာ သက်သက်ရောက်ရောက်ရှိတာ တွေ့ရတယ်။ နွေးနွေးထွေးထွေးရှိတာလည်း ခံစားရပါတယ်။ မေးခွန်းတွေဖြေတဲ့အခါမှာလည်း အားလုံးကို မဖြေနိုင်တာမရှိလောက်အောင် အကုန်လုံးဖြေနိုင်တာတွေ့ရတယ်။ မီဒီယာသမားတွေကိုလည်း တရင်းတနှီး ဆက်ဆံပြီးတော့ သတင်းစာရှင်းလင်းပွဲပြီးတဲ့အခါမှာလည်း သမ္မတရုံးရဲ့ အဆောက်အအုံ ပရ၀ုဏ်ဘေးနားမှာလည်း ဓာတ်ပုံအတူတွဲရိုက်ကူးတာလည်း တွေ့ရပါတယ်။ နောက် ကျနော်မေးမြန်းကြည့်ရသလောက် ပြည်တွင်းက သတင်းစာဆရာတွေ၊ အယ်ဒီတာတွေ သူတို့အနေနဲ့လည်း ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ လောက်နီးနီး နိုင်ငံတော်အကြီးအကဲတွေက သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး လုပ်ဆောင်တာမရှိတဲ့အပေါ် အစိုးရသစ်ရဲ့ သမ္မတ ဦးသိန်းစိန်က ဒီလိုလုပ်ဆောင်တဲ့အပေါ်ကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတာတွေ့ရပါတယ်။ နောက်လည်း ပုံမှန် သမ္မတကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးတာပဲဖြစ်ဖြစ် သမ္မတရုံးရဲ့ ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူတွေထားပြီး သတင်းအချက်အလက်တွေ၊ အမြင်သဘောထားတွေ ထုတ်ပြန်ပေးတာပဲဖြစ်ဖြစ် ဒါမျိုးတွေ လုပ်ဆောင်ပေးဖို့ သတင်းမီဒီယာသမားတွေက တောင်းဆိုကြတာလဲ ရှိပါတယ်။”

သမ္မတနဲ့ သတင်းမီဒီယာအဖွဲ့တွေ တွေ့ဆုံချိန် ၂ နာရီလောက်ကြာမြင့်ခဲ့ပြီး ဒီလို မီဒီယာနဲ့ တွေ့ဖို့ စီစဉ်နေတာ ကြာပြီဖြစ်ပေမယ့် သမ္မတ မအားတာနဲ့ အခုမှ လုပ်ဖြစ်တာလို့ သမ္မတရုံးက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

(ဓါတ်ပုံ- ​ကျော်​ဇေယျာဝင်း​၊​ အံ့​ဘုန်း​မြတ်)

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/PresidentPress/]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013