DVB Logo
Home
Lead Story
ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ ပြဿနာ
DVB
·
April 6, 2019
ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ ပြဿနာ
Donate to DVB

ဘိုးဘွားပိုင် လယ်ယာမြေပြဿနာအပါအ၀င် လူမှုဘ၀မှာ ဖြစ်ပျက်နေတဲ့ မြေယာပိုင်ဆိုင်မှုဆိုင် အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်က မေးမြန်းထားတာတွေကို ဦးဇော်မင်း (မြေယာဥပဒေနှင့်မြေယာ စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ) အား ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ကျနော်တို့ဒေသတွေမှာ မိဘက အသက်ကြီးပြီး လယ်မလုပ်နိုင်လို့ သားသမီးတွေထဲက တယောက်ယောက်ကို လုပ်ခိုင်းထားတာ ပုံစံ ၇ ထုတ်ပေးရာက ပြဿနာတွေ အများကြီးဖြစ်နေပါတယ်။ ဘိုးဘွားပိုင် လယ်ယာမြေ၊ အမွေဆိုင်လယ်မြေကို တရားဝင် လွှဲပြောင်းပေးခြင်းမရှိဘဲ လက်ရှိလုပ်နေတာကို အကြောင်းပြပြီး ကျေးရွာလယ်စီက ပုံစံ(၇)ထုတ်ပေးလို့ရပါသလား။

ဖြေ - သားသမီးတယောက်ကို ပေးလုပ်ခိုင်းထားတယ် ကြာပြီပေါ့၊ လက်ရှိဖြစ်နေပြီ။ အဲဒီအခါကျတော့ ပုံစံ ၇ လာထုတ်တဲ့အခါ ပေးနိုင်တဲ့အနေအထားဖြစ်ပါတယ်။ မေးစရာရှိတာက သားသမီးတွေရှိလျက်သားနဲ့ တယောက် ပေးထားပြီး၊ လုပ်ထားပြီး တယောက်က ပုံစံ ၇ ထုတ်သွားရင် နောက်သားသမီးမှာ နစ်နာမှုရှိမလားဆိုတော့ ရှိနိုင်ပါတယ်။ ဘယ်လို ဖြေရှင်းရမလဲဆိုတော့ သက်ဆိုင်တဲ့သူတွေက ပုံစံ ၇ လျှောက်ကတည်းက ကန့်ကွက်နိုင်တယ်၊ အပြိုင်လျှောက်နိုင်တယ်။ အဲဒီလို မလုပ်ခဲ့ရင်လည်း အခုလုပ်ရမှာက ပုံစံ ၇ ရသွားတဲ့သူကို မကျေနပ်ရင် မိမိတို့လည်း ဒါကိုပိုင်ဆိုင်၊ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး အပြိုင်ကန့်ကွက်တဲ့အနေနဲ့ မူလမှုခင်း ပုဒ်မ ၂၂အရ ဒါကို ပြန်ပြီးစိစစ်ပေးပါဆိုပြီး တင်ရပါတယ်။ တင်ပြီး အထက်အဆင့်ဆင့် အယူခံယူပြီး ဖြေရှင်းမယ်ဆိုရင် ရပါတယ်။

မေး - လွန်ခဲ့တဲ့ နှစ်လလောက်က သတင်းစာထဲမှာ ပုံစံ ၇ မရသေးတဲ့ မြေကွက်ကို လူတယောက်က လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ပုံစံ-၃၀ (ခ) လျှောက်ထားပြီးဖြစ်လို့ ကန့်ကွက်လိုသူတွေရှိရင် ၁၄ ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း မြို့နယ်ထွေအုပ်ရဲ့ ကြေညာချက်တခုကို သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ပုံစံ ၇  မရသေးတဲ့မြေကို ပုံစံ-၃၀(ခ) လျှောက်ထားလို့ ရပါသလား။

ဖြေ - လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (ခ) ဖြစ်ပါတယ်။ သူရဲ့သဘောတရားက လယ်ယာမြေမှာ အခြားနည်းသုံးချင်ရင် မြို့နယ်မြေစာရင်းဦးစီးဌာနကတဆင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ နဲ့လျှောက်ရပါတယ်။ ထွေအုပ်ကို မလျှောက်ရပါဘူး။ သူရဲ့ အလုပ်မဟုတ်ပါဘူး။ မြို့နယ်မြေစာရင်းဦးစီးဌာနဲ့ လယ်စီတို့ကပဲ အမှုခင်းဖွင့်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းအရ ဥပဒေပါတဲ့ ပြဋ္ဌာန်းချက်ဆိုရင် မရနိုင်ပါဘူး။ ပုဒ်မ ၃ (ဃ) လယ်ယာ မြေလုပ်ပိုင်ခွင့်မှာ သူရဲ့တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေကို လက်ရှိထားပြီး စိုက်ပျိုးလုပ်ကိုင် အသုံးချခြင်းကို ဆိုပါတယ်။ အဲဒီမှာ အခွင့်အရေး ၃ ရပ်ပါပါတယ်။ လက်ရှိထားခွင့်၊ စိုက်ပျိုးခွင့်၊ မြေအသုံးချခွင့်ပါ။ လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူမှာသာ ဒီအခွင့်အရေး ၃ ခုပါတဲ့အတွက် ပုံစံ ၇ ရမှာသာ အခြားနည်းသုံးနိုင်ခွင့် လျှောက်လို့ရပါတယ်။

ဒါပေမယ့် လယ်ယာမြေဥပဒေကို ပြန်ကြည့်တဲ့အခါ အခန်း ၂ ခန်းပါတယ်။ လယ်ယာမြေကို အသုံးချခြင်းမှာ ပုဒ်မ ၂၈၊ ၃၀၊  ၂၈ က လယ်ယာမြေမှာ မူလစိုက်ပျိုးထားတဲ့ သီးနှံက အခြားသီးနှံကို လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူကပဲ စိုက်မယ်ဆိုရင် နည်းဥပဒေ ၇၁ မှာ ပြဋ္ဌာန်းထားပါတယ်။ လယ်ယာမြေကို အခြားနည်းသုံးတဲ့ ပုဒ်မ ၃၀ ကတော့ လုပ်ပိုင်ခွင့်ရှိတယ်၊ သူကပဲ လျောက်လို့ရတာလား၊ အခြားလူလျောက်လို့ ရတာလားဆိုတာ နည်းဥပဒေမှာ ဖော်ပြမထားပါဘူး။ ဗဟိုလယ်စီ ထုတ်ပြန်တဲ့ ၅၃၀ ပေါ့နော်။ လယ်ယာမြေကို အခြားနည်းအသုံးပြုရင် လျောက်ရမယ့် စိစစ်ချက်မှာတော့ ပထမ ပုံစံ ၇   ရ၊မရ စစ်ပါ။ မရရင် ဘာကြောင့်မရတာလဲ၊ ဘာကြောင့် ထုတ် မပေးတာလဲ ဆိုတာကို စိစစ်ပါ၊ ထောက်ခံချက်တွေရယူပါ ဆိုတဲ့အတွက် ပုံစံ ၇ မရလည်း လျှောက်နိုင်တဲ့သဘောတွေ ပါနေတာတွေ့ရပါတယ်။ ပုဒ်မ ၃၀ အရ လျှောက်ခွင့် ရှိတယ်ဆိုတာကတော့ တရားရုံးစီရင်ချက် သဘောထားအရရော၊ လယ်ယာမြေ ပုဒ်မ ၃ ( ဃ) အရရော ကွဲလွဲတဲ့အနေအထားကို တွေ့ရပါတယ်။

မေး - ကျနော်တို့ဒေသမှာ ငွေကြေးတတ်နိုင်သူအချို့က လယ်ဧကအများအပြားကို ၀ယ်ယူထားပေမယ့် စိုက်ပျိုးခြင်း မရှိတဲ့အတွက် လယ်မြေတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေပါတယ်။ အချက်အခြာကျတဲ့ ကားလမ်းမကြီးဘေးက လယ်မြေအချို့ဆိုရင်လည်း ဈေးကောင်းပေးဝယ်ပြီး ဒီအတိုင်းပြစ်ထားတဲ့အတွက် ရေရှည်မှာ ဆန်စပါးထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။ ဘယ်သူမှလည်း အရေးယူဆောင်ရွက်တာမျိုးမရှိ ဖြစ်နေတဲ့အတွက် ဒီလိုလုပ်ထားတာ ဥပဒေနဲ့ အညီ ဖြစ်နေလို့လားဆိုတာ သိလိုပါတယ်။

ဖြေ - လယ်ယာမြေဥပဒေ  ပုဒ်မ ၁၂ ၊ ဈ မှာ လယ်ယာမြေကို အကြောင်းမဲ့ လှပ်ထားရင် စည်းကမ်းပျက်တယ်ပေါ့၊ စည်းကမ်းပျက်ရင် ပုဒ်မ ၁၉ အရ လယ်ယာမြေပေါ်ကနှင်ထုတ်တာတွေ၊ ဒဏ်တပ်တာတွေလုပ်နိုင်တယ်။ ဒါပေမယ့် ထိထိရောက်ရောက် လုပ်နိုင်တာ မတွေ့ရပါဘူး။ ဒါကြောင့် တင်းတင်းကြပ်ကြပ် လုပ်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ နဝတ ခေတ်တုန်းကတော့ ၁၉၉၀ မှာ လယ်ယာနဲ့သစ်တောဦးစီးဌာနရဲ့ ၁/၉၀ အမိန့်ကြော်ငြာစာ ရှိပါတယ်။ အကြောင်းမဲ့ လှပ်ထားရင် ရုပ်သိမ်းမယ်ဆိုပြီးတော့ ဆောင်ရွက်ခဲ့တယ်၊ ခုချိန်မှာတော့ ပြတ်ပြတ်သားသားမရှိပါဘူး။ မရှိတော့ ရောင်းတယ်၊ဝယ်တယ်၊ လှပ်ထားကြတယ်။ အဲဒါကိုဖြေရှင်းဖို့ လယ်ယာမြေပင်မကို မရောင်းခိုင်းဘူး၊ လုပ်ပိုင်ခွင့်ကိုပဲ ရောင်းခိုင်းမယ်ဆိုတဲ့ (Right to use the farm land ) လွဲပြောင်းလုပ်ခွင့်ပေးတာ။ ဒါက စိုက်ကိုစိုက်ရမယ်၊ မစိုက်ရင်အရေးယူတွေ၊ အခွန်တိုးမြင့် ကောက်ခံမှုတွေ စတဲ့ ထိန်းကြောင်းမှုတွေ ထုတ်ပြန်ပြဋ္ဌာန်းသင့်တယ်။ ဒါမှသာ စည်းကမ်း ထိန်းသိမ်းလို့ရမယ်လို့ ယူဆပါတယ်။

မေး - ကျနော်က ပြင်ဦးလွင်ဘက်မှာ အကွက်ရိုက်ရောင်းတဲ့ ရွာမြေကွက် တကွက်ကို ၀ယ်ထားသူတဦးပါ။  လောလောဆယ်မှာ သွားမနေနိုင်သေးပါဘူး။ ဒါပေမယ့် ရွာမြေကိုဝယ်ထားတာနဲ့ ပတ်သက်ပြီး ခိုင်မာမှုရှိမရှိဆိုတာကို သိပါရစေ။ ဘယ်လိုအခြေအနေမျိုးမှာ ခိုင်မာမှုရှိတယ်။ ဘယ်လိုအနေအထားမျိုးမှာ ခိုင်မာမှု မရှိဘူးဆိုတာလေးကိုပါ ရှင်းပြစေချင်ပါတယ်။

ဖြေ - ရွာမြေမှာ အကြမ်းအားဖြင့် ၄ မျိုးရှိပါတယ်။ (၁)  မှုလကတည်းကမြေပုံတွေမှာ စကားဝါရောင် မြေကွက်တွေကို အဝါရောင်နဲ့ မျဉ်းသတ်ထားသော စကားဝါရောင် အနားသတ်ဆေးဆွဲထားတဲ့ မူလတည်ရှိတဲ့မြေလား၊ (၂) မူလတုန်းက လယ်ယာမြေ၊ ဒါပေမယ့် လယ ၃၀၊ လန ၃၉ တို့ကျထားတဲ့ ရွာမြေလား၊ (၃) စီမံချက်တွေလုပ်တယ် တမြို့ကို တရွာ ဂရန်ပေးရမယ်ဆိုတဲ့ ဂရမ်ပေးထားတဲ့ ရွာလား၊ (၄) ရွာလည်း တရားဝင်မကျသေးဘဲနဲ လယ် ယာမြေကို အကွက်ရိုက်ပြီးရောင်းတဲ့ လယ်ယာမြေလား ဆိုတဲ့ ၄ချက်ရှိပါတယ်။ လယ ၃၀၊ လန ၃၉ ကျထား တဲ့မြေဆိုရင် ကိစ္စမရှိပါဘူး။ ရောင်းဝယ်ခွင့်ရှိတယ်၊ လယ်ယာမြေဆိုတဲ့ စကားရပ်ထဲမပါဘူး။ တတိယ အမျိုးအစားဖြစ်တဲ့ ကျေးရွာ ဂရန်ပေးတဲ့အမျိုးအစားဆိုတော့ ပိုတောင်ကောင်းသေးပါတယ် ကိစ္စမရှိပါဘူး။ ပြဿနာ ရှိတာက ရွာမြေလည်းမကျသေး၊ လယ်ယာမြေလို့ပဲ စာရင်းပေါက်နေတယ်၊ အဲဒါကို အကွက်ရိုက်ရောင်းရင် အရေးယူလို့ ရပါတယ်။ ဥပဒေအရ ပုဒ်မ ၁၂ မှာတော့ အားနည်းချက်တွေရှိတာပေါ့။ သို့သော် အထက်က အရေးယူဖို့ ဖီအားတွေပေးထားတယ်၊ တိုင်းပြည်နယ်ဒေသကြီး အစိုးရတွေကလည်း အရေးယူဖို့တွေ လုပ်တဲ့ အတွက် ဒီလိုတရားမဝင်တဲ့မြေတွေကို အကွက်ရိုက်ရောင်းရင်တော့ ပြဿနာရှိနိုင်ပါတယ်၊ ခိုင်မာမူမရှိနိုင်ပါဘူးလို့ သုံးသပ်ပါတယ်။

မေး - မြေဂရန်သက်တမ်း ကုန်ဆုံးသွားတဲ့ အိမ်မြေကို အမွေဆက်ခံခွင့်ရှိပါသလား။ သက်တမ်းကုန်သွားတဲ့ အိမ်မြေကိုဂရန်ကို ဘယ်လိုပြန်လျှောက်ရမလဲ။

ဖြေ - ဂရန်ဆိုတာ ဘယ်လိုမြေကိုပေးသလဲဆိုတာ အရင်စပြောပါမယ်။ အစိုးရမှာ စီမံခန့်ခွဲနိုင်တဲ့ မြေဆိုရှိပါတယ်။ ဘယ်သူမှ ပိုင်ဆိုင်ခွင့်လည်းမရှိဘူး၊ မြို့ထဲရွာထဲမှာ အစိုးရပိုင်ဆိုင်မြေလို့လည်း သတ်မှတ်ထားပါတယ်။ ဒီလို မြေတွေကို (Disposal Land) လို့ခေါ်ပါတယ်။ ဒီမြေကို ဂရန်ပေးလို့ရတယ်။ ဘယ်လိုပေးလဲဆိုတော့ အစိုးရက သတ်မှတ်စည်းကမ်းနဲ့ ချထားတယ်။ နှစ်ရှည်ဆိုရင် ၃၀ နှစ်၊ ၆၀ နှစ်၊ ၉၀ နှစ် ပေးတယ်။ နှစ်တိုဆိုရင် ၁၅နှစ်၊ ၂၀နှစ် ပေးတယ်။ အစိုးရက ခွင့်ပြုထားတာပေါ့။ အစိုးရရဲ့ ခွင့်ပြုချက်အရ သုံးရတယ်။ အဲဒီမှာ စည်းကမ်းချက်တခုပါတယ်။ သက်တမ်းကုန်ဆုံးရင် ဒီမြေကို အငှားချထားတဲ့ အစိုးရထံ အသာတကြည် ပြန်လည်အပ်နှံရမယ်လို့ပါတယ်။ သူ့ကို ပေးထားတဲ့အခွင့်အရေးတွေက သက်တမ်းကုန်ရင် ကုန်ဆုံးသွားတယ်။ ဒီမြေကို အမွေဆက်ခံခွင့်ရနိုင်သလား၊ လက်ရောက်ရနိုင်သလားဆိုရင် အစိုးရမြေ ဖြစ်သွားတဲ့အတွက် ခက်ခဲသွားပါပြီ။

ဒါနဲ့ ပတ်သက်လို့ တရားလွှတ်တော်ချုပ်မှာ စီရင်ထုံးတခုရှိပါတယ်။ ဦးဝင်မောင်နဲ့ ဒေါ်ငွေခိုင် (ခ) ဒေါ်လှမေ ဆိုတဲ့ ၂၀၁၄ ခုနှစ်က စီရင်ထုံးပါ။ အဲဒီမှာက သက်တမ်းကုန်ဆုံးသွားတဲ့ မြေကို လက်ရောက်ရလိုမှုနဲ့ တရားစွဲ တယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထိ တက်သွားတယ်၊ အဲမှာတပါးထိုင်ပေါ့၊ လက်ရောက်ရပိုင်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ပေးခဲ့တယ်။ တဖက်က အထူးတရားမအယူခံမှု တက်တဲ့အခါမှာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်တဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ၆ ဦးပါတဲ့အဖွဲ့က သက်တမ်းကုန်ဆုံးသွားတဲ့ ဂရန်မြေပေါ်မှာ လက်ရောက်ရရှိတယ်ဆိုပြီး ပြည်ထောင်စုတရားသူကြီးချုပ်က ချမှတ်ထားတဲ့ အမိန့်က မှားတယ်၊ ဒီအမိန့်ကို ပြန်ဖျက်ပါဆိုပြီး စီရင်ဆုံးဖြတ်ထားတာရှိပါတယ်။

ဒါကြောင့် တရားစီရင်ရေးသဘောတရားအရ သက်တမ်းကုန်သွားတဲ့ မြေပေါ်မှာ နဂိုရှိထားတဲ့ အခွင့်အရေးတွေက မရှိတော့ပါဘူး။ အမွေဆက်ခံတာတွေ၊ ပိုင်ဆိုင်ခွင့်တွေက ရပ်ဆိုင်းသွားတဲ့ သဘောတွေရှိပါတယ်။ သို့သော် သက်တမ်းတိုးလျှောက်ရပါမယ်။ အဲဒီမှာ အပိုင်း ၂ ပိုင်းရှိပါတယ်။ ပထမက နှစ် ၃၀ ပဲပေးသလား၊ နှစ် ၃၀ ကိုဂရမ် လဲခွင့်မရှိဘူးဆိုရင် လုပ်ထုံးလုပ်နည်းအရ အသစ်ပြန်လျှောက်ရမယ်၊ (သို့မဟုတ်) နှစ် ၆၀၊ နှစ် ၉၀ ဆိုရင် (with renewable) ဆိုပြီးပါ ပါတယ်။ ပြန်ပြီးတော့ အသစ်လဲနိုင်တယ်၊ အသစ်မလျှောက်ရတော့ဘူး။ အမှုတွဲမလုပ်ပဲနဲ့ သက်တမ်းတိုးပေးဖို့အခွင့်အရေးရပါတယ်။ အဲတော့ နှစ် ၃၀ ဂရမ်ဆိုရင် အသစ်ပြန်လျှောက်ရမယ်။ မဟုတ်ရင်တော့ အစိုးရမြေဖြစ်သွားတဲ့အတွက် သူရဲ့အခွင့်အရေးတွေ ဆုံးရှုံးရပ်စဲသွားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013