DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးတိုးမြှင့်လုပ်ဆောင်ရန် မြန်မာကော်မရှင်ကို အမေရိကန်တိုက်တွန်း
DVB
·
October 19, 2012
Donate to DVB

မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ ရန်ကုန်မှာတွေ့ဆုံပြီး  မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ မနက်က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွတ်လာအောင် လုပ်ဆောင်ဖို့ အပါအ၀င် မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်ရေးဖော်ဆောင်မှုတွေ မြှင့်တင်ဖို့ အမေရိကန် သံတမန်တွေက တိုက်တွန်းသွားတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

“ဆွေးနွေးပွဲမှာတော့ လူ့အခွင့်အရေးဖော်ဆောင်မှုတွေ မြှင့်တင်ဖို့ တိုက်တွန်းတယ်။ နောက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့နဲ့ပတ်သက်လို့ လူ့အခွင့်အရေးကော်မရှင်ကို ဒီထက်ပို လုပ်ပေးစေချင်တယ်။ ကျနော်တို့ကလည်း အခြေအနေပေးရင်ပေးသလောက် ၀င်ပြီးဆောင်ရွက်ပေးမယ်ပေါ့။ ကျနော်တို့ ကော်မရှင်အပေါ်လည်း တော်တော်လေး သူတို့လက်ခံလာတယ်။ စိတ်ဝင်စားတယ်။ ကူညီမယ်ပြောတယ်။ အဓိက ကျနော်တို့ဆောင်ရွက်ချက်တွေကို သိသင့်သိထိုက်တာတွေကို ရှင်းပြလိုက်နိုင်တဲ့အတွက် ကော်မရှင်အပေါ်မှာ သူတို့နားလည်လက်ခံမှု ပိုမိုမြင့်မားလာတာပေါ့။”

ဒါ့ပြင် ကချင်ပြည်နယ်ထဲက ပဋိပက္ခတွေ ကိစ္စနဲ့ တိုင်းရင်းသားဒေသတွေမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

“ကချင်ပြည်နယ် လက်ရှိပဋိပက္ခပေါ့နော်။ ဖြစ်နေတာကလည်း လက်နက်ကိုင်ပဋိပက္ခဆိုတော့ လုံခြုံရေးနဲ့မှ ကျနော်တို့က သွားလို့ရတယ်။ မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့ အကြံပြုထားတယ်။ မိုင်းရှင်းလင်းရေးဆိုတာက အပစ်အခတ်ရပ်စဲလို့ မြို့ပေါ်ရောက်နေတဲ့ ကျေးရွာသူရွာသားတွေ သူတို့ရွာတွေပြန်တဲ့အခါ ရွာတ၀ိုက်မှာ စွန့်ပစ်မိုင်းတွေ ထောင်ထားတာကို ဒါတွေ ရှင်းဖို့ပေါ့။ ကျနော်တို့က လုံခြုံရေးနဲ့မှ သွားရတော့ အဲနေရာတွေ သွားလို့မရဘူး။ မိုင်းရှင်းဖို့က အစိုးရကို တိုက်တွန်းတယ်။ ပြန်လည်နေရာချထားရေးလုပ်တဲ့အခါ မလုပ်ခင်မှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ လိုအပ်တယ်လို့ အကြံပြုတာပါ။”

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အရင်က အစဉ်တစိုက် ဝေဖန်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်က ပိုမိုနားလည်မှုရှိလာပြီလို့ မြန်မာလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

အလားတူ နေပြည်တော်မှာလည်း မြန်မာ - အမေရိကန်  ၂ နိုင်ငံအကြား အဆင့်မြင့် အရာရှိတွေပါဝင်တဲ့  လူ့အခွင့်အရေးဆွေးနွေးပွဲတွေကို အောက်တိုဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဦးဆောင်သူတဦးဖြစ်တဲ့  အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ့စ်နာက  အစိုးရတာဝန်ရှိသူတွေဟာ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား၊ လက်တွေ့ကျကျနဲ့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်းနဲ့ ဆွေးနွေးပွဲဟာ  အကျိုးဖြစ်ထွန်းတဲ့ ရလဒ်ကောင်းတွေ ရနိုင်တယ်လို့ အကောင်းမြင်တဲ့အကြောင်း အေပီသတင်းကို ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013