DVB Logo
Home
မြန်မာသတင်း
ပုဂံရှေးဟောင်း နယ်မြေအတွင်း ဟိုတယ်နှင့်ဆိုင်များ တည်ဆောက်မှု ဆန္ဒပြမည်
DVB
·
October 19, 2012
ပုဂံရှေးဟောင်း နယ်မြေအတွင်း ဟိုတယ်နှင့်ဆိုင်များ တည်ဆောက်မှု ဆန္ဒပြမည်
Donate to DVB

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ တည်ဆောက်နေတာကို မြို့ခံတွေ စုပေါင်းကန့်ကွက် ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်း ထန်းဥယာဉ် ဟိုတယ်ခေါ် Treasure Resort ကနေ စတင်ဆန္ဒပြကြမယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမင်းနိုင်က ပြောပါတယ်။

“ဟိုးအရင်က မြို့ပိုင်မြေကို သိမ်းပြီး ဟိုတယ်ဆောက်ခဲ့တယ်။ ဟိုတယ်ထဲမှာလည်း ဘုရားပုရ၀ဏ်တွေကို ခြံခတ်ထားတဲ့ ကိစ္စတွေလည်း ကျနော်တို့က ကန့်ကွက်ပြီး ဆန္ဒပြမယ်။ မြို့ပြင်မှာ သဇင်ဟိုတယ် ကိုလည်း ဆန္ဒပြမယ်။ နောက် မြင်းကပါမြောက်ဘက် ကျတဲ့ ဧဒင်ဟိုတယ် ဆောက်နေတာ ပြီးလုပြီးဆဲဖြစ်နေတယ်။ သူဟာလည်း ၁၉၉၀ တုန်းက ပုဂံမြို့သူမြို့သားတွေကို နှင်ထုတ်ပြီး ရှေးဟောင်းဇုန်ဆိုပြီး သတ်မှတ်ထားတာ အခု ဟိုတယ်ပေးထားတာကို ကန့်ကွက်ဆန္ဒပြမယ်။ ဘူးဘုရားရှေ့ ပြဇာတ်ခုံနဲ့ ညဈေးတန်းဆောက်ထားတာတွေကိုလည်း ဆန္ဒပြသွားမယ်။ နောက် ရှေးဟောင်းရုံးကိုလည်း သမာသမတ်ကျအောင် ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ ဆန္ဒပြသွားမယ်။ ညောင်ဦး ၀က်ကျေးအင်းမှာ အများပြည်သူသွားလာနေတဲ့ လှည်းလမ်းကိုပိတ်ထားတဲ့ ခြံဝိုင်းနဲ့ လူနေအိမ်တွေကိုလည်း ကန့်ကွက်ဆန္ဒပြသွားမယ်။”

ဟိုတယ်နဲ့ စားသောက်ဆိုင်တွေဟာ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်ကတည်းက ဆောက်လုပ် ဖွင့်လှစ်ထားတာတွေ ရှိသလို အခုနှစ်ပိုင်းမှ ဆောက်လုပ်ထားတာ၊ ဆောက်လုပ်နေတာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းရှင်တွေဟာ ဟိုတယ်ဇုန် သတ်မှတ်ထားတဲ့ နေရာတွေမှာ မဆောက်ဘဲ အချက်အချာကျတဲ့ လူစည်ကားတဲ့ နေရာတွေမှာ မြို့နယ်အာဏာပိုင်တွေ၊ ရှေးဟောင်းသုတေသနဌာနဆီက လက်သိပ်ထိုး ခွင့်ပြုချက်ယူပြီး  ဆောက်လုပ်နေတာလို့ ဒေသခံက ပြောပါတယ်။

ရှေးဟောင်းသုတေသနဌာနက ကန့်သတ်ထားတဲ့ မြေနေရာတွေမှာပါ ဟိုတယ်တွေ ဆောက်လုပ်နေတဲ့  ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းမှာ  မြို့ခံတွေနဲ့ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပုံကိုလည်း ကိုမင်းနိုင်က ပြောပြပါတယ်။

“မြို့မမြို့ဖတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲလေးမှာ ဦးအောင်ကြိုင်နဲ့ အပြန်အလှန်စကားပြောတာရှိတယ်။ ဦးအောင်ကြိုင်က ပြီးခဲ့တာတွေကို သူပေးခဲ့တယ်၊အမိန့်တွေထုတ်ခဲ့တယ်တဲ့။ ကျနော်တို့ မေးတယ် ၁၉၉၅ မှာ ဦးအောင်ကြိုင်က ကန့်သတ်နယ်မြေဆိုပြီး သတ်မှတ်ခဲ့တာလားဆိုတော့ ဟုတ်တယ်တဲ့၊ ဒါဆို အဲအမိန့်တွေက မိုးရွာလို့ ရေထဲပါသွားတာလား၊ လေတိုက်လို့ လွင့်ပျောက်သွားသလားဆိုပြီး ကျနော်တို့ မေးခဲ့ဖူါးတယ်။ ဟုတ်တဲ့အကြောင်း အများရှေ့မှာ သူကိုယ်တိုင်ပဲ ၀န်ခံသွားတယ်။”

သူပြောတဲ့အထဲပါတဲ့ ဦးအောင်ကြိုင် ဆိုသူဟာ ပုဂံရှေးဟောင်းသုတေသနဌာနမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

အောက်တိုဘာ ၁၆ ရက်က သက်ဆိုင်ရာရဲစခန်းကို ဆန္ဒပြခွင့်ပြုမိန့် တောင်းခံထားပြီး တရားဝင်ခွင့်ပြုချက်နဲ့ အောက်တိုဘာလ ၂၁ ရက်မှာ ဆန္ဒပြကြမှာပါ။

ဆန္ဒပြပွဲမှာ မြို့လူထု ၅၀၀ လောက်စုပေါင်းပြီး ဆိုင်းဘုတ်ကိုယ်စီကိုင်ဆောင်ကာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း စီတန်းလှည့်လည် ဆန္ဒပြကြဖို့ အစီအစဉ် ရှိပါတယ်။

အရင်က ပုဂံ စေတီပုထိုးတွေပေါ်မှာ နိုင်ငံခြားသားတွေအတွက် ညစာစားပွဲ ကျင်းပပေးမှုကို ပုဂံ ဒေသခံတွေက ကန့်ကွက်ခဲ့ဖူးပြီး အခုလို စီတန်းလှည့်လည် ဆန္ဒပြမှုကတော့  ပုဂံမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013