အာဂျင်တီးနား သုတေသနစခန်းတခုက နောက်ဆုံးဖတ်ရှုချက်အရ အန္တာတိကကျွန်းဆွယ်မှာ ဇွန်လ အစောပိုင်း အပူချိန်ဟာ မှတ်တမ်းတင်ဖူးသမျှ အမြင့်ဆုံး ဖြစ်တဲ့ ၁၅ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့ပါတယ်။
ကျွန်းဆွယ်မှာရှိတဲ့ အာဂျင်တီးနားရဲ့ အက်စ်ပရန်ဇာ အခြေစိုက်စခန်းမှာ ဇွန်လပျမ်းမျှအပူချိန် အနုတ် ၆ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်ထက် အများကြီး ကျော်လွန်ပြီး ၁၉၉၈ ခုနှစ်တုန်းက စံချိန်တင်ထားတဲ့ ၁၃ ဒသမ ၃ ဒီဂရီ စင်တီဂရိတ် ထက် ကျော်လွန်သွားခဲ့တာပါ။
ပုံမှန်မဟုတ်တဲ့ အပူချိန်ကြောင့် အန္တာတိကကျွန်းဆွယ်မှာ ရေခဲတွေ ပုံမှန်မဟုတ်တဲ့နှုန်းနဲ့ အရည်ပျော်ခဲ့ပါတယ်။
အာဂျင်တီးနား အမျိုးသားမိုးလေဝသဌာနက ရာသီဥတုပညာရှင် ဟိုဆေး လူးဝစ္စတယ်လာက ကြာသပတေးနေ့ မှာလုပ်တဲ့ မီဒီယာအင်တာဗျူးတခုအတွင်း ဇွန်လရဲ့ ပုံမှန်မဟုတ်ဘဲ မြင့်တက်နေတဲ့ အပူချိန်နဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။
အက်စ်ပရန်ဇာ အခြေစိုက်စခန်းမှာ နေ့စဉ် ၃ ပတ်ဆက်တိုက် သုညအထက် အပူချိန်ကို သုတေသီတွေက မှတ်တမ်းတင်နေတာပါ။
အဲဒီအချိန်အတွင်း အခြေစိုက်စခန်းရဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ နှင်းတွေကင်းစင်နေပြီး ဝင်ရိုးစွန်းဂေဟစနစ်အပေါ် ဆိုးကျိုးသက်ရောက်နေတာကို သတိပေးနေတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters











