DVB Logo
Home
မြန်မာသတင်း
ကျုံထော်ဒေသ မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်ပေးရန် ၀န်ကြီးတိုက်တွန်း
DVB
·
April 5, 2019
ကျုံထော်ဒေသ မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်ပေးရန် ၀န်ကြီးတိုက်တွန်း
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကျုံထော်ဒေသက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို အရင်ဆုံးရှင်းလင်းပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၄ ရက် မနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာပေးခြင်းနှင့် မိုင်းဆိုင်ရာအကူအညီများ နိုင်ငံတကာနေ့မှာ တိုက်တွန်းလိုက်တာပါ။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး၊ ဦးစိုးလှိုင်က “လှိုင်းဘွဲ့မြို့နယ်၊ ကျုံထော်ဒေသတွေကို အရင်ဆုံးရှင်းလင်းပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။ မိုင်းရှင်းလင်းရေး စတင်တာနဲ့ ပြည်နယ်အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါမယ်” လို့ ပြောပါတယ်။

မြိုင်ကြီးငူအထူးဒေသ၊ စစ်ဘေးရှောင်စခန်းကွပ်ကဲရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင်၊ ဦးစိန်ပန်းက “စစ်ဘေးရှောင်များ ကိုယ်အရပ်ကိုယ်ဒေသကို အမြန်ဆုံးပြန်နိုင်အောင် အဘက်ဘက်မှာ ဒီမိုင်းရှင်းလင်းရေးကိစ္စကို အဆောတလျင် ပြုလုပ်ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ စစ်ဘေးရှောင်များအားလုံး အတိုင်းထက်အလွန် အင်မတန် ၀မ်းသာ ၀မ်းမြောက်ရှိပါတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက “ငြိမ်းချမ်းရေးအဖွဲ့အစည်းက ညီအစ်ကိုတွေအချင်းချင်း ပြဿနာလေးတွေရှိတဲ့အခါမှာ ခေတ္တကျနော်တို့ စောင့်ဆိုင်းနေတဲ့ ကာလဖြစ်ပါတယ်။ နောက်ပိုင်း အခြေအနေ တိုးတက်သွားမယ်ဆိုရင်တော့ ဒီမိုင်းရှင်းလင်းရေးလုပ်ငန်းတွေ အောင်မြင်မယ်လို့ ယုံကြည်တယ်” လို့ ပြောပါတယ်။

အခမ်းအနားကို ဒေသခံတိုင်းရင်းသားတွေ မိမိတို့ရပ်ရွာမှာ စားဝတ်နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်ရာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်က အလုံးစုံအန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့၊ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ မလုပ်ဆောင်ခင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေ သိရှိစေဖို့၊ အကြောင်းအမျိုးမျိုးနဲ့ မိုင်းကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေကို အသက်မွေးဝမ်းကြောင်းပညာတွေ သင်ပေးနေတာတွေ၊ အထောက်အကူပြု ကိရိယာတွေ တပ်ဆင်ပေးနေတာတွေ ပြည်သူတွေ သိရှိစေဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ။

နိုင်ငံတော်အစိုးရက ကရင်ပြည်နယ်အတွင်း မိုင်းထိလူနာတဦးကို ကျပ် ၂ သိန်း ထောက်ပံ့ပေးသလို အကြောင်းအမျိုးမျိုးနဲ့ မသန်စွမ်းသူတဦးကို ကျပ် ၁ သိန်းစီ၊ လူဦးရေ ၅ ထောင်နီးပါးကို ထောက်ပံပေးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က မဲသဝေါဒေသမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့သလို မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းကို ကျေးရွာပေါင်း ၃၀ လောက်က အိမ်ထောင်စု ၈၇၀ စု၊ လူဦးရေ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်သေးတဲ့အတွက် စစ်ဘေးရှောင်စခန်းမှာ ဒီနေ့ထိ ခိုလုံနေကြတာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013