DVB Logo
Home
မြန်မာသတင်း
ဧပြီ ၈ ရက်ကစပြီး ရန်ကုန်-မန္တလေး အမြန်လမ်းသွား ကားများ၏ ကြံ့ခိုင်မှု စစ်ဆေးမည်
DVB
·
April 4, 2019
ဧပြီ ၈ ရက်ကစပြီး ရန်ကုန်-မန္တလေး အမြန်လမ်းသွား ကားများ၏ ကြံ့ခိုင်မှု စစ်ဆေးမည်
Donate to DVB

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ် မောင်းနှင်နေတဲ့ ကားတွေကြံ့ခိုင်မှု ရှိ မရှိ ဧပြီ ၈ ရက်နေ့က စတင်ပြီး စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆေးမှာပါ။

အမြန်လမ်းပေါ်ရှိ အမှတ် ၃ လမ်းဆုံ တိုးလ်ဂိတ်၊ နေပြည်တော် စီလမ်းဆုံ တိုးလ်ဂိတ်၊ စကားအင်း တိုးလ်ဂိတ်တို့မှာ ကားကြံ့ခိုင်မှု စစ်ဆေးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ကြေညာထားပါတယ်။

ခရီးသည်တင် Express ကားတွေ မီနီဘတ်စ်တွေ ဘုရားဖူးကားတွေနဲ့ Telematic စနစ်တပ်ဆင်ထားတဲ့ ကားတွေဟာ ကားရဲ့အစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်လုပ် သုံးစွဲနိုင်ခြင်း ရှိ မရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားကိုယ်ထည်ကြံ့ခိုင်မှု ရှိ မရှိ ကားတာယာတွေ စံချိန်စံညွှန်းနဲ့အညီ ကောင်းမွန် ကြံ့ခိုင်မှု ရှိ မရှိ၊ အင်ဂျင်ရဲ့ မီးခိုးထွက်နှုန်း၊ သတ်မှတ်လူစီးထိုင်ခုံ အရေအတွက်ထက် ပိုပြီး တပ်ဆင်ထားခြင်း ရှိ မရှိ စတာတွေကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်မြင့်ဦး က ပညာပေးကာလ ၁ လသတ်မှတ်ပြီး စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

“တလပေါ့၊ တလပြီးရင်တော့ ဒီအဖွဲ့ကပဲ ဆုံးဖြတ်သွားမယ်ခင်ဗျ။ ကျနော်တို့ တခုတည်း ဖွဲ့တာ မဟုတ်ဘူး၊ အမြန်လမ်းထိန်းသိမ်းရေးအဖွဲ့ရော ကညနရော ပါတဲ့အဖွဲ့ အဲ့ဒီအဖွဲ့ကပဲ ဆုံးဖြတ်မယ်။”

ခရီးသည်တင်ကားတွေနဲ့ ဘုရားဖူးကားတွေဟာ ခရီးသည်အရေအတွက်နဲ့ ကုန်ပစ္စည်းတင်ဆောင်ရာမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။

ကားပေါ်မှာ မီးသတ်ဆေးဘူး ၂ ဘူး တပ်ဆင်ထားရမှာဖြစ်ပြီး ကားရဲ့ အရေးပေါ်ထွက်ပေါက်ဟာ အသုံးပြုနိုင်ရမှာပါ။

အလားတူ ကားပေါ်ပါ ကားဒရိုင်ဘာနဲ့ ခရီးသည်အားလုံး ထိုင်ခုံခါးပတ်ပတ်ထားရမယ်၊ ကားဒရိုင်ဘာ၊ ကားစပယ်ယာနဲ့ ကားအကူလုပ်သားတွေ အရက်မသောက်ရဘူး၊ ကားမောင်းချိန် ၈နာရီထက်ကျော်လွန်တဲ့ ခရီးစဉ်မှာ ကားမောင်းသူ ၂ ဦးပါရမယ် စတဲ့ အချက်တွေကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၉ ခုနှစ် မတ်လအတွင်း ယာဉ်မတော်တဆ မှုပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ ၂၀ သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာ သတ်မှတ်အရှိန်နှုန်း ကျော်လွန်မောင်းတဲ့ ယာဉ် ၁၃၃၄ စီးနဲ့ ဆိုင်ကယ် ၁၂၅ စီးကို စိစစ်တွေ့ရှိခဲ့တဲ့အကြောင်းနဲ့ ခရီးသွားပြည်သူတွေနဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့  ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ တားမြစ်ချက်တွေကို လေးစားလိုက်နာကြဖို့လည်း အမြန်လမ်းရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013