
သင်္ကြန်ကာလအတွင်း ကာမရာဂကို နှိုးထစေတဲ့ ဆေးတွေရောင်းချသုံးစွဲတာ မလုပ်ကြဖို့ အပါအ၀င် သတိပြုလိုက်နာရမယ့် အချက် ၃၀ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
သင်္ကြန်ပွဲတော်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဘေးအန္တရာယ်မဖြစ်ပွားစေ ရေး သတိပြုရမယ့် အချက် ၇ ချက်၊ ယာဉ်မောင်းသူများလိုက်နာရမယ့် အချက် ၁၀ ချက်နဲ့ မှုခင်းတွေ မဖြစ်ပွားစေဖို့ သတိပြုရှောင်ကြဉ်ရမယ့် အချက် ၁၃ ချက်တို့ ပါဝင်ပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ပတ်သက်လို့ ရေပက်ခံကားမောင်းသူတွေ အရက်သောက် ထားတာနဲ့ မူးယစ်ဆေးဝါးသုံးစွဲတာ မရှိစေဖို့ သတိပြုဖို့၊ မူးယစ်ဆေးဝါးတွေ စိတ်ပြောင်းဆေးဝါး တွေ ထိန်းချုပ်ဆေးဝါးတွေနဲ့ တံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ၀င်ရောက်လာတဲ့ ကာမဆန္ဒ နှိုးဆွစေတဲ့ ဆေးဝါးတွေသောက်တာ ရှောင်ကြဉ်ကြဖို့နဲ့ မြူဆွယ်တိုက်ကျွေးပြီး အန္တရာယ် ပေးနိုင်တာကိုလည်း သတိပြုဆင်ခြင်ကြဖို့ အသိပေးထားပါတယ်။
မိန်းကလေးတွေ ဆွေမျိုးသားချင်းမဟုတ်တဲ့သူတွေနဲ့ သင်္ကြန်လည်ရင် အခြားသူတွေ ကျွေးမွေးတဲ့ အစားအသောက်တွေကို သတိထား ရှောင်ကြဉ်ကြဖို့လည်း ရဲတပ်ဖွဲ့က သတိပေးပါတယ်။
ဒါ့အပြင် တုတ် ဓားလက်နက်တွေ ဖွက်ပြီး ကိုင်ဆောင်တာ၊ ကာမရာဂကို နှိုးထစေတဲ့ ဆေးတွေရောင်းတာ သုံးတာ မလုပ်ကြဖို့၊ ရေပက်ကစားပြီး နားတဲ့အချိန်မှာ ဆိတ်ကွယ်ရာမှာ အနားယူတာ အရက်မူးပြီး ရေကန်နဲ့ ချောင်းမြောင်းတွေမှာ ရေးချိုးတာ မလုပ်ဖို့လည်း သတိပေးထားပါတယ်။
သင်္ကြန်တွင်း ယာဉ်မောင်းသူတွေနဲ့ ပတ်သက်လို့ မူးယစ်သောက်စားပြီး ယာဉ်မမောင်းဖို့ အပျော်လွန်ပြီး စည်းကမ်းမဲ့ ပြိုင်မောင်းတာ လုမောင်းတာ အရှိန်ပြင်းမောင်းတာ မလုပ်ဖို့ ထော်လာဂျီနဲ့ ရေမကစားဖို့ ဆိုင်ကယ်အိတ်ဇောပိုက်တွေဖြုတ်ပြီးစီးတာ မလုပ်ကြဖို့ သင်္ကြန်လည် တဲ့ ကားတွေမှာ ညစ်ညမ်းတဲ့ စာသားတွေ ဆိုင်းဘုတ် ပန်းချီ ရုပ်ပုံနဲ့ မသင့်လျော်တဲ့ ပစ္စည်းတွေ ရေးသားချိတ်ဆွဲပီး မမောင်းကြဖို့ ရဲတပ်ဖွဲ့က အသိပေးပါတယ်။
သင်္ကြန်တွင်း မှုခင်းမဖြစ်စေဖို့ အရက်ကို လွန်လွန်ကဲကဲ သောက်စားမူးယစ်တာ မလုပ်ကြဖို့၊ ရေဘောလုံးနဲ့ ပစ်ပေါက်တာ မီးသတ်ပိုက်နဲ့ ရေပက်တာ အက်စစ်နဲ့ မပက်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း သင်္ကြန်ကာလအတွင်း မလုပ်ရမယ့် အချက်တွေကို မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့ပြီး သင်္ကြန်တွင်း အရက်သောက် ကားမောင်းရင် ထောင်ဒဏ် ၆နှစ်နဲ့ ဒဏ်ငွေ ဘတ် ၆၀၀၀၀ သောင်း ပေးဆောင်ရမယ်လို့ သတိပေးထားတာ တွေ့ရပါတယ်။











