DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးက လူငယ်တဦး လက်နက်မှုဖြင့် ထောင်ချခံရ
DVB
·
October 18, 2012
Donate to DVB

မွန်ပြည်နယ် ကျိုက်ထီးရိုးဘုရားတောင်ပေါ်မှာ ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့  ဈေးရောင်းတဲ့ လူငယ်တဦးကို ကျိုက်ထိုရဲစခန်းက ဖမ်းဆီး ရုံးတင်ပြီး  လက်နက်မှုဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

ကျိုက်ထီးရိုးဘုရားမှာ ဆေးမြစ်ရောင်းတဲ့ အသက် ၂၂ နှစ် အရွယ် ကိုကျော်စိုးမိုးကို   အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျိုက်ထို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပြီး မနေ့က သထုံထောင်ကို ပို့လိုက်တာလို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ဈေးသည်တဦးက ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားပွဲနီးလာလို့ ဘုရားဈေးဆိုင်ခန်းတွေ ပြင်ဆောက်ဖို့ အတွက် သူသူငါငါ  ဓားမတွေ ကိုင်ဆောင်နေကြချိန်မှာ ကိုကျော်စိုးမိုးကို အခုလို ဖမ်းဆီး ထောင်ချလိုက်တာပါ။

သူ့ကို အခုလို ပြစ်ဒဏ်ချလိုက်တာဟာ လတ်တလော ကျိုက်ထီးရိုး ဘုရားမှာ ဈေးသည်နဲ့ လုပ်ငန်းရှင်ကြီးတွေကြား   ဖြစ်ပွားနေတဲ့ ပြဿနာကြောင့်ဖြစ်နိုင်တယ်လို့ လုပ်ဖော်ကိုင်ဘက် တဦးက ပြောပါတယ်။

“အခုအချိန်က အားလုံး ဆိုင်ပြင်ဆိုင်ဆောက်တဲ့အချိန်၊ ၀ါးတွေခုတ်တယ်၊ ဆိုင်တွေပြင်တယ်၊ အဲအချိန်မှာ လူတိုင်းလက်ထဲမှာ ဓား၊ ဆောက်၊ လွှ၊ တူ၊ စသဖြင့် အားလုံး ကိုင်ကြတာပဲ။ သူ့ကို ဓားကိုင်လို့ဆိုပြီး တရားရုံးတင်ပြီး ၁၅ ရက်နေ့ ညနေ ၅ နာရီမှာဖမ်းသွားတယ်။ ကျနော်တို့က တောင်ပေါ်ကနေ တောင်အောက်ကို ကားနဲ့ဆင်းတော့ ၉ နာရီမှာ တောင်အောက်ရောက်တယ်။ မနက်ကျတော့ တရားရုံးတင်တယ်. ၁၆ ရက်နေ့မှာ ချက်ချင်း အမိန့်ချလိုက်တယ်။ အလုပ်နဲ့ ထောင်ဒဏ် ၃ လ။ ၁၇ ရက်နေ့ကျတော့ သထုံထောင်ကို တခါထဲတန်းပို့လိုက်တော့ ကျနော့်စိတ်ထဲ မရိုးသားဘူးလို့ ခံစားရတယ်။ ကျနော်တို့ ဆန္ဒပြပွဲမှာပါနိုင်မယ့်သူကို နမူနာပြတယ်လို့ ခံစားရတာပေါ့။”

ကျိုက်ထီးရိုးတောင်ပေါ်ရောက်နေတဲ့  ရန်ကုန်က ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုနဲ့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကတော့ ဒီလူငယ်အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး  ကျိုက်ထီးရိုး တောင်ပေါ်က ရဲကင်းမှူးရဲ့ အပြောကို ကိုးကားပြီး ပြောပါတယ်။

“သက်ဆိုင်ရာ ၀န်ထမ်းကို မေးကြည့်တဲ့အခါ သူတို့ကို သတင်းပေးလို့ ဖမ်းရတာဖြစ်တယ်။ ဓားကိုင်တဲ့အတွက် ကြိုတင်ကာကွယ်တားဆီးတဲ့အနေနဲ့ ဖမ်းပြီး တရားရုံးတင်ရခြင်းဖြစ်တယ်။ ဒါက သူ့ရဲ့လုပ်ပိုင်ခွင့်ဖြစ်တဲ့အတွက် ထောင်ချတာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းဖြစ်လို့ တရားရုံးကိစ္စကိုတော့ သူမပြောပါဘူး။ ဘာလို့လုပ်တာလဲဆိုတာပဲ အကြောင်းပြချက်ပဲ ပေးတယ်။ ဓားကိုင်ဆောင်မှုနဲ့ ၁၉(၅)နဲ့ ၃ လ ချလိုက်တာပါ။ ဒါဟာ ပြည်သူတယောက်ရဲ့ ကာကွယ်ပိုင်ခွင့်၊ ဥပဒေကြောင်းအရ ဆန္ဒဖော်ထုတ်ခွင့် တူညီမှုမရှိတာကို သက်သေပြလိုက်တာပဲဖြစ်တယ်။”

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျိုက်ထို  မြို့နယ်ရဲစခန်း တာဝန်ရှိသူတွေနဲ့ တရားရုံးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

ကိုကျော်စိုးမိုးအပါဝင် ကျိုက်ထီးရိုးဘုရား တောင်ပေါ်က ဈေးသူဈေးသားနဲ့ လက်လုပ်လက်စားတွေဟာ  ဘုရားဂေါပကလူကြီး၊ ဈေးတန်း အုပ်ချုပ်သူနဲ့ အဲဒီဒေသမှာ ဩဇာကြီးတဲ့  လုပ်ငန်းရှင်တွေကို   မတရား အခွန်ကောက်ခံနေတာတွေရပ်ဖို့ အပါအ၀င် နစ်နာချက်တွေကို   အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပါတယ်။

ဆန္ဒပြဖို့ ခွင့်ပြုချက်ရပြီးမှ အောက်တိုဘာလ ၁၃ ရက်နေ့မှာ တောင်းဆိုချက်တွေ လိုက်လျောပေးမယ့်အကြောင်း မြို့နယ် ဒုရဲမှူးကြီးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေက ညှိနှိုင်းပေးခဲ့တဲ့အတွက် ဆန္ဒပြပွဲ ပျက်သွားခဲ့ရပါတယ်။

ဒါပေမယ့် ဈေးသည်တွေရဲ့ တောင်းဆိုချက် ၆ ချက်ထဲမှာ ဆိုင်ခန်းနေရာချထားပေးရေး တခုကိုပဲ တ၀က်တပျက်လိုက်လျောပြီး ကျန်အချက်တွေကတော့ အခုထိ လိုက်လျောခြင်း မရှိသေးဘူးလို့ ဈေးသည်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013