DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံ လယ်ယာမြေပြဿနာကို ဥပဒေဘောင်အတွင်းက ဖြေရှင်းရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
April 3, 2019
သိမ်းဆည်းခံ လယ်ယာမြေပြဿနာကို ဥပဒေဘောင်အတွင်းက ဖြေရှင်းရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
1 / 17
Donate to DVB

နိုင်ငံတ၀န်း ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာတွေကို ဖြေရှင်းရာမှာ   ဥပဒေဘောင်အတွင်းကနေ မှန်မှန်ကန်ကန် ဖြေရှင်းရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဧပြီ ၂ ရက်က ညောင်တုန်းမြို့မှာ ကျင်းပတဲ့  လယ်သိမ်းဆည်းခံ လယ်သမားတွေ တက်ရောက်ခဲ့တဲ့ ဒေသခံလူထုနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး သိမ်းဆည်းခံရတဲ့ လယ်သမားတွေလိုပဲ  အစိုးရကိုယ်တိုင်လည်း ဒီပြဿနာကို အမြန်ဆုံး ပြီးစီးစေလိုတယ်လို့ လည်း ပြောသွားပါတယ်။

သိမ်းဆည်းခံလယ်သမားတွေအနေနဲ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံကာ လယ်ယာမြေသိမ်းဆည်းမှုတွေကို လူကိုယ်တိုင်တွေ့ဆုံပြောပြချင်ပေမယ့် ကြိုဆို နှုတ်ဆက်ခွင့်သာ ရရှိခဲ့ပါတယ်။

ညောင်တုန်းမြို့ လူထုတွေဆုံပွဲကို ဒေသခံ တောင်သူလယ်သမား ၃၅၀၀ ကျော်လောက်က တက်ရောက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး တွေ့ဆုံနိုင်ဖို့ လယ်သမားအရေး ပရဟိတကူညီပေးနေတဲ့ မြစ်ရွှန်းအဖွဲ့က ဦးဆောင်ပြီး စီစဉ်တာ ဖြစ်ပါတယ်။

ညောင်တုန်းမြို့နယ် လွှတ်တော်အမတ် ဒေါ်နီနီမိုးကတော့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုတွေ့ဆုံပွဲကို အန်အယ်လ်ဒီပါတီက စီစဉ်တာ မဟုတ်ဘဲ လယ်သမားတွေရဲ့ ကိုယ်စားပြောကြားပေးမယ့် လယ်သမားကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး တွေ့ဆုံစေခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဧရာဝတီတိုင်းခရီးစဉ်အဖြစ် ဧပြီ ၂ ရက်က အိမ်မဲ၊ ပန်းတနော်၊ မအူပင်နဲ့ ညောင်တုန်းမြို့နယ်တွေကို လှည့်လည် သွားရောက်ပြီး ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ဧပြီ ၁ ရက်က ပုသိမ်မြို့တော်ခန်းမမှာ ကျင်းပတဲ့လူထုတွေ့ဆုံပွဲမှာတော့  ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်ဖို့ လုပ်ဆောင်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ရဲ့တန်ဖိုး သဘာဝပတ်ဝန်း ကျင်ရဲ့ အလှအပကို မပျက်စီးဘဲနဲ့လုပ်ဖို့ကို ကြိုးစားရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

တချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာမှာ ထိကို မထိရဘူး ဒီအတိုင်းကို ထားရမယ်လို့ နားလည်သူတွေရှိနေကြောင်း အဲ့လိုလုံးဝမထိဘဲဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်ဖို့ လုပ်ရမှာဖြစ်ပြီး အဲ့လိုလုပ်တဲ့အခါမှာလည်း သဘာဝပတ်ဝန်းကျင်ရဲ့တန်ဖိုး၊ သဘာဝပတ်ဝန်းကျင်ရဲ့အလှအပကို မပျက်စီးဘဲနဲ့လုပ်ဖို့ကို ကြိုးစားရမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ၆ မြို့နယ် လူထု တွေ့ဆုံပွဲနဲ့ မြို့မိမြို့ဖတွေ့ဆုံပွဲတွေမှာ ပြည်သူတွေအနေနဲ့ မြေယာပြဿနာတွေကို အများဆုံး တင်ပြတာကိုတွေ့ရပါတယ်။

သတင်း- လွင်မှိုင်း-သော်ဇင်မျိုး

ဓာတ်ပုံ- လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013