DVB Logo
Home
မြန်မာသတင်း
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်ဟောင်းများ ပါတီထောင်မည်
DVB
·
April 2, 2019
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်ဟောင်းများ ပါတီထောင်မည်
Donate to DVB

လက်ရှိနိုင်ငံရေးအခြေအနေ အရွေ့တွေကို အားမလိုအားမရဖြစ်တာကြောင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် မိတ်ဖက် အင်အားတွေနဲ့ စုပေါင်းပြီး နိုင်ငံရေးပါတီတခု ထူထောင်ဖို့ စီစဉ်နေပါတယ်။

မိတ်ဖက်နိုင်ငံရေးအင်အားစုတွေအနေနဲ့ လာမယ့် ၅ ရက်နေ့ ရန်ကုန်မှာတွေ့ဆုံပြီး ပါတီထောင်မယ့်ကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ စီစဉ်ရာမှာပါဝင်သူတယောက်ဖြစ်တဲ့ ဦးအောင်သူရက ပြောပါတယ်။

“ကျနော်တို့က လွှတ်တော်ပြင်ပ နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးအရွေ့တွေကို အားမလိုအားမရဖြစ်တာကြောင့် ခုလို ပါတီထောင်ဖို့ ဆုံးဖြတ်တာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်အရေးတွေအတွက်က ဒီ ဖွဲ့စည်းပုံနဲ့မရဘူး။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ လက်တွဲပြီး ပါတီနိုင်ငံရေးလုပ်ဖို့ စီစဉ်တာပါ” လို့ ပြောပါတယ်။

ပါတီဖွဲ့စည်းဖို့ ဆွေးနွေးပွဲကိုတော့ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ဝင်တွေ၊  နိုင်ငံရေးပါတီတွေ၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက်နေသူတွေနဲ့ တိုင်းရင်းသားပါတီတွေ တက်ရောက်ကြမယ်လို့လည်း သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ မဖြစ်နိုင်တာကြောင့် ဖျက်သိမ်းဖို့ကိုပဲ ကြိုးစားမယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံရေးပါတီတွေအနေနဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်လာတာ မတွေ့ရဘူး။ လက်ရှိ အခင်းအကျင်းလိုပဲ သွားနေရင်တော့ လက်ရှိလိုပဲ ဖြစ်နေမှာပဲ။ ၂၀၁၂ တုန်းကဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်တွင်းမှာ ဆောင်ရွက်မယ်ဆိုပေမယ့် လွှတ်တော်ပြင်ပအားကိုပဲ ယူခဲ့ရတာပဲ။ ကျနော်တို့ကတော့ ဒါကိုဖျက်သိမ်းပြီးတော့ ပြောင်းလဲဖို့ကို ကြိုးစားရမယ်။ ဒါတွေကို လုပ်ဖို့ မဖြစ်မနေ ပါတီကို ထောင်လိုက်ရတာပါ။ အကြီးကြီးတွေ မဟုတ်ပဲ လုပ်နိုင်တာလေးတွေကို လုပ်ပေး နေရင်တောင်မှာ တိုင်းပြည်မှာ အထိုက်အလျောက် တန်းတူညီတူ ဖြစ်လာမယ်လို့ ကျနော်တို့က တွက်တာပေါ့။ ဥပမာ မြေလွတ် မြေရိုင်း ဥပဒေတို့ပေါ့” လို့ ပြောပါတယ်။

ပါတီထူထောင်ပြီးပါက  ပြည်နယ်တွေမှာ မဟာမိတ်တွေဖြစ်တဲ့ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့နဲ့ တခြားပါတီတွေနဲ့ မတူတခုတော့ ရှိပါတယ်။ ကျနော်တို့က တိုင်းရင်းသားတွေ နဲ့ တညီတညွတ်တည်းရှိတယ်။ ပြည်နယ်တွေမှာ ကျနော်တို့က သူတို့နဲ့ ပြိုင်မှာ မဟုတ်ပါဘူး။ သူတို့နိုင်ဖို့ပဲ အားဖြည့်ပေးမှာပါ” လို့ဦးအောင်သူရက ပြောပါတယ်။

ပါတီသစ်ထူထောင်ဖို့အတွက် အချိန်အတော်ကြာကတည်းက တိုင်ပင်ပြီးဖြစ်တာကြောင့် အခု တွေ့ဆုံပွဲအပြီး  ဒီလထဲမှာပဲ ပါတီကို မှတ်ပုံတင်ခွင့် လျှောက်ထားကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ- David Hla Myint

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013