DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့တွင် မီးခိုးငွေ့ကင်းလွတ်ဇုန် ဖွင့်လှစ်၊ လာရောက်သူနည်းပါး
DVB
·
April 2, 2019
တာချီလိတ်မြို့တွင် မီးခိုးငွေ့ကင်းလွတ်ဇုန် ဖွင့်လှစ်၊ လာရောက်သူနည်းပါး
1 / 4
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ မီးခိုးမှိုင်းတွေနဲ့ လေထုညစ်ညမ်းနေတဲ့အတွက် အများပြည်သူ ကျန်းမာရေးမထိခိုက်အောင် အာဏာပိုင်တွေက မီးခိုးငွေ့ ကင်းလွတ်ဇုန် ဖွင့်လှစ်တာ အပါအ၀င် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

ဧပြီ၁ ရက် မနက် ၉ နာရီအချိန် ပတ်ဝန်းကျင်လေထုတိုင်းထွာချက်အရ တာချီလိတ်မှာ မီးခိုးဖုံးလွှမ်းမှု အညွှန်းကိန်း AQI ၃၅၀ ရှိပြီး  သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ နေအိမ်ပြင်ပ မထွက်ကြဖို့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီက ကြေညာထားပါတယ်။

နေအိမ်အပြင်ထွက်မယ်ဆိုရင်လည်း မျက်နှာဖုံးအကာတွေတပ်ဆင်ဖို့၊ ပတ်ဝန်းကျင်မှာ တနိုင်တပိုင် ရေဖျန်းဖို့နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားရပါက နီးစပ်ရာ ဆေးရုံ ဆေးပေးခန်းနဲ့ ကျန်းမာရေး ဌာနတွေဆီ သွားရောက်ပြသဖို့လည်း အကြံပြုထားပါတယ်။

ဒါ့အပြင် မီးသတ်ဌာနက ကား ၄ စီးနဲ့ မြို့အနှံ့လိုက်လံရေဖျန်းပေးနေသလို ဆန်ဆိုင်း (ခ) ရပ်ကွက်ထဲမှာလည်း လူအယောက် ၂၀၀ လောက်ဆန့်တဲ့ မီးခိုးငွေ့ကင်းလွှတ်ဇုံ တခုကို မတ်လ ၃၁ရက်ကစတင် ဖွင့်လှစ်ထားတယ်လို့ တာချီလိတ်မြို့နယ် မီးသတ်ရုံး တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လေထုညစ်ညမ်းမှု လျော့ပါးရေးအတွက် ကျနော်တို့ တနေ့ကို ၂ ကြိမ် ရေဖျန်းတယ်ခင်ဗျ။ ကား ၄ စီးနဲ့ ဆယ်ဘီးကားက ၂ စီး၊ ခြောက်ဘီးကားက ၁ စီး၊ မီးသတ်စက်ယာဉ်က ၁ စီးနဲ့ မနက်တကြိမ် ညနေပိုင်းတကြိမ် ရေဖျန်းတယ်။ မြို့ကိုပတ်ပြီးဖျန်းတာ ဆယ်ရက်ကျော်ပြီ။ နောက်ပြီးတော့ ကျနော်တို့ မီးသတ်ရုံးရှေ့ ဆန်ဆိုင်းရပ်ကွက်ထဲက ကွင်းပြင်မှာလည်း မီးခိုးငွေ့ ကင်းလွတ်ဇုန် ဖွင့်ထားတယ်။ အဲဒီမှာ ပတ်ပတ်လည်မှာ စက်နဲ့ ပိုက်တွေထောင်ပြီးတော့ ရေပန်းလေးတွေ ဖျန်းထားတယ်။ နားနေဖို့ ထိုင်ခုံတွေ ချထားပေးတယ်။ အပေါ်က အမိုးနဲ့ပေါ့ ၊ လူအယောက် ၂၀၀ လောက်ဆံ့တယ် ”

အဲဒီနေရာကို မနေ့က တာချီလိတ်ဒေသခံတွေ လာရောက်ခဲ့ကြပေမယ့် ဒီနေ့တော့ လာရောက်သူ အနည်းငယ်သာ တွေ့တယ်လို့  မီးသတ်ဝန်ထမ်းကပြောပါတယ်။

တာချီလိတ် မကာဟိုခမ်းရပ်ကွက်နေ နန်းဟွမ်က “ရပ်ကွက်လူကြီးကတော့ ပြောပါတယ်။ ဒါပေမယ့်ကျမက ကလေးနဲ့ဆိုတော့ အိမ်ထဲက အိမ်ပြင် မထွက်ဘူး။ အဲဒီဇုန်ကို ရောက်တောင် မရောက်ဖူးသေးဘူးရှင့်”လို့ ပြောပါတယ်။

ဝိန်းကျောက်ရပ်ကွက်နေစိုင်းတွီကလည်း အလုပ်ကတဖက်နဲ့မို့ အဲဒီဇုန်မှာ သွားနေထိုင်ဖို့ အချိန်မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က အလုပ်လုပ်စရာတွေရှိတယ်။ အဲဒီမှာ သွားထိုင်နေရင် အလုပ်မလုပ်ရ တော့ဘူးပေါ့။ အဲဒီတော့ သွားသွားလာလာ  မျက်နှာဖုံးပဲစွပ်တာပေါ့။၊ တခြားသူတွေလည်း အဲဒီလိုပဲနေမှာ၊ ကျနော်တို့က ရေဘေး၊ မီးဘေး၊ စစ်ဘေးရှောင်ပြည်သူတွေ မဟုတ်ဘူးလေ။ အဲဒီလို စခန်းမှာ သွားနေဖို့အထိ အခြေအနေမရောက်သေးပါဘူး။ ကျနော်ထင်တယ်။ သက်ဆိုင်ရာအနေနဲ့ အဲဒီဇုန်ဆောက်မယ့်အစား မျက်နှာဖုံးတွေ လိုက်ဝေပေးတာကမှ ပိုပြီး အကျိုးရှိမယ်လို့ ”

ဆိုင်ကယ်အငှားလိုက်သူ ၀မ်ကောင်းရပ်နေ စိုင်းလိတ်ကလည်း မီးခိုးတွေကြားနေ့စဉ်သွား လာနေရတာ ဆယ်ရက်လောက်ရှိပြီဖြစ်ပြီး မျက်စိတွေ စပ်နေကြောင်း၊ ဒါပေမယ့် ဆေးရုံ သွားရတဲ့ထိတော့ အခြေအနေမဆိုးသေးဘူးလို့ ပြောပါတယ်။

“ကျနော်က ဆိုင်ကယ်ဘဲမောင်းနေရတော့ အဲဒီ မီးခိုးကင်းလွတ်ဇုန်မှာသွားထိုင်နေဖို့ မအားပါဘူးခင်ဗျ။ အလုပ်ကလည်း နားလို့မရတော့ ဒီလိုဘဲ မျက်နှာဖုံးစွပ်ထားရတာပေါ့။ မီးခိုးငွေ့က ကျနော့်အထင် ဆယ်ရက်ကျော်ရှိပြီထင်တယ်။ မျက်လုံးတွေ စပ်ပြီး မျက်ရည်ကျတာ တော့ ရှိတာပေါ့။ ဒါပေမယ့် ဆေးရုံဆေးခန်းသွားဖို့ မလိုဘူးထင်လို့ မသွားသေးဘူး။”

တာချီလိတ်တဖက်ကမ်း မဲဆိုင်နဲ့ ချင်းရိုင်ခရိုင်ထဲမှာလည်း မီးခိုးငွေ့တွေနဲ့ လေထု ညစ်ညမ်းမှုတွေ ဖြစ်ပွားနေလို့ ထိုင်းအာဏာပိုင်တွေက ရဟတ်ယာဉ်တွေ အသုံးပြုပြီး ရေလိုက်လံ ဖျန်းပက်တာတွေ  လုပ်ဆောင်နေပါတယ်။

အဆိုပါ မီးခိုးငွေ့တွေဟာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင်း တောင်ယာမီးရှို့တာနဲ့ တောမီး လောင်တာတွေကြောင့် ဖြစ်ပေါ်နေတာပါ။  

ဓာတ်ပုံ-တာချီလိတ်ခရိုင်ထွေအုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013