DVB Logo
Home
မြန်မာသတင်း
မြိတ် ငါးအမှုန့်ကြိတ်စက်ရုံများ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးထိခိုက်နေ
DVB
·
October 18, 2012
မြိတ် ငါးအမှုန့်ကြိတ်စက်ရုံများ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးထိခိုက်နေ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံတွေကြောင့်  မြိတ်ကမ်းရိုးတန်း တလျှောက်ရှိ ဒီရေတွေ  ပြုန်းတီးနေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိတဲ့အပြင် ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတဲ့အတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ဒေသခံ ၈၈ မျိုးဆက်ကျောင်းသားတွေက သတိပေးပြောကြားလိုက်ပါတယ်။

မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံကြီးတွေက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကြောင့် လေထုညစ်ညမ်းမှုဖြစ်စေတဲ့အပြင် စက်ရုံလည်ပတ်ရာမှာ လောင်စာ အဖြစ် ထင်းကို အဓိကအသုံးပြုနေတဲ့အတွက် သစ်တော ပြုန်းတီးပျက်စီးမှု ဖြစ်ပေါ်နေတယ်လို့  မြိတ် ခရိုင် ၈၈ ကျောင်းသားအဖွဲ့ဝင် ကိုတင်ကိုကိုဦးက ပြောပါတယ်။

[caption id="attachment_32080" align="alignleft" width="300" caption="မြိတ်မြို့ (ဓာတ်ပုံ - မြိတ်ချစ်သူ)"][/caption]

“ငါးအမှုန့်စက်ရုံမှာ အသုံးပြုတဲ့ ငါးက အကြီးတွေ မဟုတ်ဘူး။ ငါးသေးသေးလေးတွေ၊ ငါးတွေက အကောင်ကြီးခွင့်မရတော့ဘူးပေါ့။ ကမ်းရိုးတန်းတလျှောက်မှာ ငါးရှားပါးတဲ့ပြဿနာတွေ ခံရတယ်။ အရေးကြီးဆုံးတခုက ဒီရေတောတွေ အကုန်ကုန်သွားတယ်။ ဘာလို့လဲဆို ငါးမှုန့်စက်ရုံစာချုပ်ချုပ်တဲ့အချိန်တုန်းက ဒီဇယ်ဆီ၊ တခြားလောင်စာပေါ့ လျှပ်စစ် ဒါတွေသုံးစွဲမယ်ဆိုပြီး ကတိနဲ့ လက်မှတ်နဲ့ စက်ရုံတွေကို တည်ဆောက်ခွင့်ပြုထားတာ။ တကယ်ကျတော့ ဒီရေတောတွေကို အကုန်ခုတ်ပြီး ထင်းအဖြစ် အသုံးပြုလိုက်တော့ မြိတ်ခရိုင်ထဲမှာ ရှိတဲ့ ကမ်းရိုးတန်းတောက်လျှောက်က ဒီရေတောတွေ အကုန်မရှိတော့ဘူး။ ပျက်စီးသွားတော့ ငါးသားလေးတွေပေါက်မယ့် ဒီရေတောတွေမရှိတော့ ငါးသားပေါက်လေးတွေ အကုန်သေကုန်တယ်။”

မြိတ်မြို့ပေါ်မှာ အကြီးစား ငါးအမှုန့်ကြိတ် စက်ရုံကြီး ၅ ခုရှိပြီ့း  မြိတ်မြို့ အနောက်ဘက် တမိုင်ခန့် ကွာဝေးတဲ့ ကျွန်းစုမြို့နယ် ပထော်ပထက် ကျွန်းပေါ်မှာ  စက်ရုံကြီး ၁ ခု ရှိပါတယ်။  ဒီစက်ရုံတွေရဲ့ တနေ့တာ ထင်းလောင်စာ သုံးစွဲမှုနှုန်းမှာ အနည်းဆုံး ၁ဝ တန်ခန့် ရှိတယ်လို့ အင်္ဂါနေ့က မြိတ်ခရိုင် ၈၈ အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စက်ရုံတွေဟာ ဒီဇယ်ဆီနဲ့ လည်ပတ်ရင် တရက် ကျပ် ၁ဝ သိန်းကျော် ကုန်ကျမှာဖြစ်ပြီး ထင်းလောင်စာနဲ့ လည်ပတ်ပါက ကျပ် ၃ သိန်းခွဲခန့်သာ ကုန်ကျတာပါ။

စက်ရုံတွေ ထင်းလောင်စာအသုံးပြုမှုနဲ့ ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာနက သတိပေးပြောဆိုတာရှိပေမယ့် တနှစ်မှာ သိန်း ၂၀ လောက်သာ ဒဏ်ရိုက်တာကြောင့်လည်း လုပ်ငန်းရှင်တွေက  ဒဏ်ကြေးဆောင်ပြီး ဆက်လုပ်နေတာဖြစ်ပါတယ်။

ထင်းအဖြစ် ကမ်းရိုးတမ်းက ဒီရေတောတွေကိုခုတ်ပြီး အသုံးပြုတာကြောင့်လည်း  ဒီရေတော ပျက်စီးပြီး ရေနေသတ္တဝါတွေရဲ့ စားကျက်ပျက်တာနဲ့ ဂေဟစနစ် ပျက်စီးတာ၊ ဆက်ရက်၊ မျောက်၊ တောကြောင်၊ ရှဥ့် စတဲ့သတ္တဝါတွေ မျိုးတုံးသွားနိုင်တာ၊ မြစ်ချောင်း၊ ကမ်းပါးများ ပြိုကျပျက်စီးခြင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ၈၈ ကျောင်းသားတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် စက်ရုံအနီးနားမှာနေထိုင်တဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တဲ့အကြောင်း ကိုတင်ကိုကိုဦးက ပြောပါတယ်။

“ငါးအမှုန့်စက်ရုံကြောင့် ဘေးထွက်ဆိုးကျိုးတွေ အများကြီးဖြစ်တာ။ ငါးအမှုန့်စက်ရုံက ထွက်တဲ့ အနံ့ကို ရှူမိတဲ့ အသက် ၅ နှစ်၊ ၆ နှစ်ကနေ အောက်ထစ် ကလေးငယ်တွေနဲ့ ပြည်သူတွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်တယ်။ အဆုတ်ထဲကို အောက်ဆီဂျင် ရောက်ရှိနှုန်း နည်းသွားတဲ့အခါ နှလုံးရောဂါဖြစ်လာတယ်။ ဒါတွေ မြို့ပေါ်မှာ အားလုံးခံစားရတယ်။ ကလေးတွေ၊ လူကြီးတွေ ဘယ်လိုမှ နေလို့မရဘူး။ ရောဂါကိုပိုဆိုးဝါးစေတယ်။ ဆေးရုံတက်နေရတဲ့ လူနာတွေ ကိုယ်တိုင်လည်း ဆေးရုံမှာတောင် အနံ့ကရှူနေရတာ နံနေတော့ ဘယ်လိုမှအဆင်မပြေဘူးလေ။”

ဒါကြောင့် ထင်းလောင်စာအသုံးပြုမှုကို အမြန်ဆုံးရပ်ပြီး ဒီဇယ်နဲ့ပြန်လည်ပတ်ပေးဖို့၊ စက်ရုံက အနံ့ဆိုးတွေ မထွက်အောင် နည်းစနစ် မှန်မှန်ကန်ကန် လုပ်ပေးဖို့နဲ့  ဖြစ်နိုင်ရင် ဒီစက်ရုံတွေကို လူနေအိမ်ခြေနဲ့ ဝေးတဲ့ နေရာမှာ ရွှေ့ပေးဖို့ ဒေသခံတွေနဲ့ ၈၈ မျိုးဆက်တွေက တောင်းဆိုတာဖြစ်ပါတယ်။ ဒီတောင်းဆိုမှုကို လိုက်နာမှုမရှိရင် ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်သွားမယ်လို့လည်း  ပြောပါတယ်။

မြိတ် ငါးအမှုန့်စက်ရုံများကို ၂ဝဝ၅ ခုနှစ် ဝန်းကျင်မှာ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့  ပြည်တွင်းစီးပွားရေးသမားတွေနဲ့ ထိုင်းနိုင်ငံစီးပွားရေးသမားတွေ ပူးပေါင်းပြီး စတင်ဆောက်လုပ် လည်ပတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013