ကြိုးလိုင်းတယ်လီဖုန်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုရတဲ့ ADSL အင်တာနက်လိုင်း ဈေးနှုန်းတွေကို အကြီးအကျယ် လျှော့ချလိုက်ကြောင်း မြန်မာ့ဆက်သယ်ရေးလုပ်ငန်းက ကြေညာလိုက်ပါတယ်။
နဂိုက ကနဦးတပ်ဆင်ခ အနိမ့်ဆုံး ကျပ် ၆ သိန်း ရှိရာကနေ လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ကျပ် ၅ သောင်း၊ ဒေါ်လာနဲ့ဆို ၆၀ အထိ အကြီးအကျယ် လျှော့ချလိုက်တာ ဖြစ်ပါတယ်။
လစဉ် အသုံးပြုခတွေကိုလည်း သာမန် ပုဂ္ဂလိက၊ အစိုးရနဲ့ ပြည်တွင်းကုမ္ပဏီတွေအတွက် Class အလိုက် တလ ကျပ် ၁၇၀၀၀ ကနေ ၈၀၀၀၀ အထိ၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ သံရုံးတွေအတွက် တလ ဒေါ်လာ ၂၀ ကနေ ၉၀ အထိ လျှော့ချသတ်မှတ်လိုက်ပါတယ်။
ဒီလို ဈေးနှုန်းအကြီးအကျယ် လျှော့ချသတ်မှတ်လိုက်တဲ့အတွက် ADSL လိုင်းတပ်ဆင်သူ အရေအတွက် အလွန်များလာနိုင်တယ်လို့ အင်တာနက်ဆိုင်ဖွင့်လှစ်ထားသူတွေက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဂျီအက်စ်အမ်၊ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်အသုံးပြုသူ အများဆုံးဖြစ်ပြီး ADSL အင်တာနက်လိုင်း အသုံးပြုသူကတော့ ဒုတိယ အများဆုံးဖြစ်ပါတယ်။ ADSL အင်တာနက်လိုင်း အသုံးပြုလိုသူဟာ ကြိုးဖုန်း တလိုင်း ရှိဖို့တော့လိုအပ်ပါတယ်။











