DVB Logo
Home
Lead Story
စည်ပင်ရွေးကောက်ပွဲလား အထွေထွေရွေးကောက်ပွဲအကြို အားစမ်းပွဲလား
DVB
·
April 1, 2019
စည်ပင်ရွေးကောက်ပွဲလား အထွေထွေရွေးကောက်ပွဲအကြို အားစမ်းပွဲလား
Donate to DVB

အိပ်ရာက ကမန်းကတန်းထ၊ ရေအမြန်ချိုး၊ ညက အားဖြည့်ထားတဲ့ဖုန်းကို ယူ၊  စည်ပင်ရွေးကောက်ပွဲ ကျင်းပနေတဲ့ ကျောက်မြောင်း ကျားကွက်သစ်က မဲရုံအမှတ် ၃ ကို အပြေးသွား။ အဲဒီမှာ သမ္မတကြီးက မဲပေးမှာဆိုတော့ ဓာတ်ပုံသတင်းလေး ဘာလေး တင်ဖို့ပေါ့။

မနက် ၇း၀၀ နာရီလောက်ပဲ ရှိသေးတယ်ဆိုတော့ လုံခြုံရေးဝန်ထမ်းတွေ၊ သတင်းသမားတွေ၊ တာဝန်ရှိသူတွေ နည်းနည်းပဲ ရောက်ပါသေးတယ်။ တချို့က မဲရုံနဲ့ ခပ်လှမ်းလှမ်းက လက်ဖက်ရည်ဆိုင်မှာ၊ တချို့က ရခိုင်မုန့်ဟင်းခါးဆိုင်မှာ၊ အချို့က သစ်ပင်အောက်မှာ။ မဲလာပေးတဲ့သူ တယောက်စ နှစ်ယောက်စကိုတော့ တွေ့ရ။ မဲလာပေးတဲ့ သူငယ်ချင်းတယောက်နဲ့တွေ့လို့ ဘယ်သူ့မဲထည့်မှာလဲလို့ စပ်စုမိတော့။

ဘယ်သူရယ်လို့တော့ မသိပါဘူး၊ အန်အယ်လ်ဒီကလူတွေပဲ ပေးရမှာပေါ့တဲ့။ တခြားသူတွေ ဘယ်သူဆိုတာလဲ သိမှ မသိဘဲကိုးတဲ့။ သူက ခေါင်းကိုပွတ်ရင်း ဆက်ပြောသေးတယ်၊ တခြားလူတွေကို မဲထည့်လို့ အဲဒီလူက အလုပ်မလုပ်ရင် ဘယ်သူ့သွားဆဲရမှာလဲ၊ အန်အယ်လ်ဒီကို မဲထည့်ရင် ဘယ်သူဆိုတာ သိဖို့မလိုဘူး၊ ကိုယ်မဲထည့်တဲ့ ကိုယ်စားလှယ် အလုပ်မလုပ်ရင် အန်အယ်လ်ဒီကို ဆဲလိုက်တာနဲ့ သူ့ပါတီက အရေးယူမှာပေါ့တဲ့။ ကောင်းရော၊ သူတွေးပုံက။ စောစောကတည်းက အန်အယ်လ်ဒီကို အာမခံခိုင်းထားပြီးသား။ ဆဲဖို့လည်း ပြင်ထားပြီးသား။ မကျေနပ်ရင် လူမှုကွန်ရက်ပေါ် တက်ဆဲလိုက်မယ်။ ဒီမိုကရေစီ လမ်းမှန်ရောက်ဖို့ အဆဲကလေးနဲ့ ထိန်းကျောင်းစို့ ဆိုတဲ့ ဆောင်ပုဒ်ကလေးတောင် ထွင်ထားလိုက်ကြပြီလားမသိ။

၂၀၁၄ ခုနှစ် ဦးသိန်းစိန် အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ် စည်ပင်ရွေးကောက်ပွဲတုန်းက ပါတီဝင်တွေ အရွေးခံခွင့် မရှိခဲ့ပါဘူး။ အကြောင်းပြချက်ကတော့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေ စည်ပင်သာယာလုပ်ငန်းတွေမှာ ပါဝင်စွက်ဖက်မှာ စိုးလို့တဲ့။ လူတွေကတော့ သူတို့ရဲ့ စေတနာအမှန်ကို သိပြီးသား။ အန်အယ်လ်ဒီကို တက်မလာနဲ့ တောက်ချလိုက်မယ်ဆိုတဲ့ စေတနာဆိုတာ။ စည်ပင်ဆိုတာကလည်း အောက်ဆိုက် အများဆုံးရတဲ့ နေရာ၊ လာဘ်ပေးလာဘ်ယူ အများဆုံးရှိတဲ့နေရာ၊ အကျင့်ပျက် မင်းမှုထမ်းတွေအတွက် အဆီတဝင်းဝင်း ဖြစ်နေတဲ့နေရာ။ မင်းကြိုက်စိုးကြိုက် ကာလသားများနဲ့ လားလားမျှမထိုက်တဲ့ နေရာ၊ တကယ့်လက်တွေ့မှာလည်း ဘောင်းဘီချွတ်တွေ အများစုနဲ့ အရပ်သားအနည်းစုပဲ စည်ပင်ကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်ခွင့်ရခဲ့တဲ့နေရာ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက မမျှော်လင့်ဘဲ တောင်ပြိုကမ်းပြို နိုင်လိုက်တော့ အစိုးရအဖွဲ့လည်း ပြောင်း၊ အခြေအနေတွေလည်းပြောင်းပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာတော့ အဲဒီ စည်ပင်ကိုယ်စားလှယ်တွေ အားလုံး နုတ်ထွက်ပေးခဲ့ရပါတယ်။

စည်ပင်ကိုယ်စားလှယ်တွေရဲ့ သက်တမ်းဟာ အစိုးရသက်တမ်းလိုပဲ ၅ နှစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပေမယ့် ဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်ကျော်မှ  စည်ပင်ရွေးကောက်ပွဲ ကျင်းပရတာကြောင့် အဲဒီကိုယ်စားလှယ်တွေဟာ တာဝန်ထမ်းဆောင်ချိန် ၂ နှစ်ပဲ ထမ်းဆောင်လိုက်တာပါ။

အလားတူပါပဲ အခု စည်ပင်ရွေးကောက်ပွဲဟာလည်း အန်အယ်လ်ဒီအစိုးရသက်တမ်း ၃ နှစ်ရှိမှ ကျင်းပတာကြောင့် လက်ရှိ အရွေးချယ်ခံ ကိုယ်စားလှယ်တွေရဲ့ သက်တမ်းဟာ ၂ နှစ်ပဲ ကျန်တော့မှာပါ။

စိတ်ဝင်စားစရာကောင်းတာက ၂၀၁၄ စည်ပင်ရွေးကောက်ပွဲတုန်းက နိုင်ငံရေးပါတီဝင်တွေ  ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရဘဲ ၂၀၁၉ စည်ပင်ရွေးကောက်ပွဲမှာ ပါတီဝင်တွေ ဘာကြောင့် ဝင်ပြိုင်ခွင့်ရသလဲ။ ပါတီဝင်တွေလည်း ဘာကြောင့် ဝင်ပြိုင်သလဲ ဆိုတာပါပဲ။ ပါတီဝင်တွေက ပါတီနောက်ခံအင်အား ရှိနေတာကြောင့် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူတွေကို နိုင်ဖို့  အခွင့်အလမ်း ပိုများမနေဘူးလား။ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိရဲ့လား ဆိုတဲ့ မေးခွန်းပါ။

ဘယ်သူတွေမှန်း မသိတဲ့သူတွေကို မဲထည့်ရမယ်ဆိုတော့ မဲဆန္ဒရှင်တွေကလည်း စိတ်ဝင်စားမှု နည်းပါးနေပါတယ်။ ဒါပေမယ့် ပြည်သူတွေယုံကြည်တဲ့ ပါတီက အာမခံချက် ပေးတယ် ဆိုပြန်တော့လည်း အနည်းနဲ့အများ စိတ်ဝင်တစား မဲပေးလာကြတာကို တွေ့ရပါတယ်။ ဒီပွဲမှာ အန်အယ်လ်ဒီပါတီက ၉၁ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂၃ ဦး ပါဝင်လာတာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီတွေကလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားကြောင်း သိသာပါတယ်။

သူတို့ ဘာကြောင့် စိတ်ဝင်စားသလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာကိုယ် အလုပ်မရှိ အလုပ်ရှာ မေးမိပြန်ရော။ သြော် . . . ၂၀၂၀ ရွေးကောက်ပွဲ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲက နီးလာပြီဆိုတော့ ဒီပွဲဟာ နိုင်ငံရေးပါတီတွေရဲ့ အကြိုအားစမ်းပွဲတခု ဖြစ်နေမလား။ စိတ်တွေက ၂၀၂၀ ရွေးကောက်ပွဲကို ခုန်ပျံကျော်လွှား ရောက်သွားပြန်လေရော။

ဒီပွဲမှာ နိုင်မယ့်ပါတီတွေက ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ခြေများတယ်လို့ ယူဆရင် မှန်ပါ့မလား။

မဲဆန္ဒရှင်တွေ မျှော်လင့်သလို ကိုယ်စားလှယ်တွေကို သူ့ပါတီတွေက အာမခံနိုင်မှာလား။ လူကိုမကြည့်နဲ့ ပါတီကိုပဲ ကြည့်ပါဆိုတဲ့ စကားကို မဲဆန္ဒရှင်တွေ လက်ခံနေကြသေးလား။

လူကိုလည်းကြည့် ပါတီကိုလည်းကြည့် ဆိုတဲ့အမြင်တွေ ဘယ်လောက်ရှိလာမလဲ။ လူကိုသာကြည့် လူကောင်းဖို့ အဓိကကျတယ်၊ ပါတီကို ကြည့်စရာမလိုဆိုတဲ့ အမြင်တွေ ဘယ်လောက်များနေပြီလဲ။

သမ္မတကြီး မဲလာထည့်မှာကို ဓာတ်ပုံရိုက်ဖို့ မျှော်နေရင်း အတွေးတွေက ဟိုရောက်ဒီရောက်ပါပဲ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013