
ဟော်မုဇ်ပြန်ဖွင့်ဖို့ နောက်ဆုံးသတ်မှတ်ရက်မတိုင်ခင် သဘောတူညီမှု မယူနိုင်ဘူးဆိုရင် တနိုင်ငံလုံး တညတည်းနဲ့ ရှင်းပစ်လိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထပ်မံခြိမ်းခြောက်လိုက်ပါတယ်။
ပင်လယ်ကွေ့ကနေ စွမ်းအင်သယ်ယူမှု လွတ်လွတ်လပ်လပ်စီးဆင်းဖို့ အပါအဝင် လက်ခံနိုင်လောက်တဲ့ သဘောတူညီချက်တခုကို ဝါရှင်တန်အချိန်အရ ဧပြီ ၇ ရက် ည ၈ နာရီ (မြန်မာစံတော်ချိန်အရ ၈ ရက်နေ့ မနက် ၆ နာရီခွဲ) နောက်ဆုံးထားပြီး သဘောတူဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။
ယာယီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွေကို အီရန်ဘက်က ပယ်ချထားပြီး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့နဲ့ ပဋိပက္ခ အပြီးတိုင်ရပ်စဲဖို့ တန်ပြန် တောင်းဆိုထားပါတယ်။
ဧပြီ ၆ ရက်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ အီရန်တနိုင်ငံလုံးကို တညတည်းနဲ့ ရှင်းလင်းပစ်နိုင်ပြီး တံတားတွေ၊ လျှပ်စစ်စက်ရုံတွေ မရှိတဲ့ ကျောက်ခေတ်ကို ပြန်ရောက်သွားစေရမယ်လို့ ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
အီရန်ဘက်က တောင်းဆိုချက်တွေကို ငြင်းဆန်နေပေမဲ့ အီရန်ခေါင်းဆောင်တွေအနေနဲ့ သဘောရိုးနဲ့ ဆွေးနွေးနေတယ်လို့ ယုံကြည်ကြောင်း ထရမ့်ပ်က ပြောပါတယ်။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးမရှိဘဲ ဆွေးနွေးပွဲ တိုးတက်မှုရဖို့ မလွယ်သလို ဆက်သွယ်ရေး ပြတ်တောက်နေလို့ ဆွေးနွေးရခက်ခဲနေတယ်လို့ ဒေသတွင်း တာဝန်ရှိသူတယောက်က ဆိုပါတယ်။
အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို တမင်ရည်ရွယ်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ဥပဒေပညာရှင်တွေက သတိပေးထားပါတယ်။
ဒီပဋိပက္ခမှာ အမေရိကန်ကို မကူညီခဲ့တဲ့ ဗြိတိန်၊ NATO နဲ့ တောင်ကိုရီးယား စတဲ့ မဟာမိတ်တွေကိုလည်း ထရမ့်ပ်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
စစ်ပွဲစတင်ချိန်ကတည်းက အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၃,၀၀၀ ကျော် လုပ်ဆောင်ခဲ့ပါတယ်။
Source: Reuters











