DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် စံချိန်တင်လေထုညစ်ညမ်း၊ အညွှန်းကိန်း ၅၀၀ ထက် ကျော်နေ
DVB
·
March 31, 2019
တာချီလိတ်တွင် စံချိန်တင်လေထုညစ်ညမ်း၊ အညွှန်းကိန်း ၅၀၀ ထက် ကျော်နေ
1 / 5
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့မှာ စံချိန်တင် လေထုညစ်ညမ်းတဲ့ အညွှန်းကိန်းဟာ ၅၀၀ အထက်ကို ရောက်နေပြီး ၅ ရက်အတွင်း ၅ ဆ ပိုညစ်ညမ်းလာပါတယ်။

ဒါဟာ ကျန်းမာရေးအတွက် အင်မတန်အန္တရာယ်ရှိတဲ့ အဆင့်ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွန်က ဆိုပါတယ်။

အာဆီယံဒေသထဲမှာ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်တို့ဟာ ကျန်းမာရေး ထိခိုက်စေလောက်အောင်ကျတဲ့ မြူမီးခိုးအန္တရာယ်ကို ကြုံနေရတယ်လို့ သူက ဆိုပါတယ်။

တာချီလိတ်မြို့မှာ မနေ့က လေထုညစ်ညမ်းတဲ့အညွှန်းကိန်း (Air Quality Index-AQI) ဟာ ၄၀၀ အထက်မှာ ရှိနေပြီး ကျန်းမာရေးအတွက် အင်မတန်အန္တရာယ်ရှိတဲ့ အဆင့်လို့ ဒေါက်တာ ထွန်းလွန်က ဆိုပါတယ်။

တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ မတ်လ ၃၁ ရက် မနက်အထိ တိုင်းထွာချက်အရ တာချီလိတ်မြို့ရဲ့ လေထုညစ်ညမ်းမှု အညွှန်းကိန်းဟာ ၅၀၂ ဖြစ်နေပြီလို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် လေထုထဲမှာ အောက်စီဂျင်ပါဝင်တာများပြီး လူကို အန္တရာယ်ပေးနိုင်တဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ ကာဗွန်မိုနောက်ဆိုဒ် ပါတာကတော့ နည်းတယ်လို့ ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့ တိုင်းထွာရာမှာတော့ ဒီအညွှန်းကိန်းဟာ ၁၀၅ မှာပဲ ရှိခဲ့တာပါ။ လေထုညစ်ညမ်းတဲ့အညွှန်းကိန်း ၁၀၀ ကျော်မှာတင် ထိခိုက်လွယ်သူတွေအတွက် မသင့်တော်ဘဲ အခုတော့ နေ့တိုင်းမှာ ပိုပြီး ညစ်ညမ်းလာတာကို တွေ့ရပါတယ်။

မနေ့ကတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ထားတဲ့ မျက်နှာဖုံးတွေကို မြို့ထဲမှာ ဖြန့်ဝေခဲ့သလို မီးသတ်ကားတွေနဲ့လည်း ရေတွေ ဖြန်းခဲ့ပါတယ်။

ပြီးတော့ မြူခိုးငွေ့တွေကြောင့် မနေ့က မနက်ပိုင်းက တာချီလိတ်လေဆိပ်မှာ လေယာဉ်တွေ မပြေးဆွဲနိုင်ခဲ့ဘဲ ညနေပိုင်းမှာမှ ပြေးဆွဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လေကြောင်း ၄ ခုက ခရီးစဉ် ၇ ခေါက် ပြေးဆွဲဖို့ ရှိပေမယ့် ၆ ခေါက်ပဲ ပြေးဆွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့လည်း လေကြောင်းခရီးစဉ်အချို့ပဲ ပြေးဆွဲနိုင်တယ်လို့ သိရပါတယ်။

လေထုညစ်ညမ်းတဲ့ အညွှန်းကိန်းမြင့်နေတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ နေအိမ်အပြင်ကို မထွက်ဖို့၊ အပြင်ကိုထွက်သူတွေအနေနဲ့လည်း မျက်နှာဖုံးတွေ တပ်ဆင်ဖို့၊ နေထိုင်ရာ အိမ်ဝန်းကျင်မှာ ရေပိုက်တွေ ရေပုံးတွေနဲ့ တပိုင်တနိုင်ရေဖြန်းကြဖို့၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဝေဒနာတွေခံစားရရင် နီးစပ်ရာ ဆေးရုံ ဆေးပေးခန်းတွေကို သတင်းပို့ကြဖို့ လည်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နှိုးဆော်ထားပါတယ်။

မိုင်းဆတ်မြို့မှာလည်း မတ်လ တတိယပတ်လောက်ကစပြီး မီးခိုးတွေ ဖုံးလွှမ်း လာတာကြောင့် မနေ့က မီးသတ်ကားတွေနဲ့ မြို့ထဲမှာ ရေပက်ဖြန်းခဲ့ပါတယ်။

မဲခေါင်မြစ်ဝှမ်းမြောက်ပိုင်း လွင်ပြင်မှာ ခြောက်သွေ့ပြီး မြူမီးခိုးတွေ ကျရောက်တာဟာ အချိန်အတော်ကြာတဲ့အထိ ရှိနေနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွန်က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013