DVB Logo
Home
မြန်မာသတင်း
အန်စီအေတွင် ခွဲမထွက်ရေးပါဝင်ပြီးဖြစ်၍ ခွဲထွက်ရေးပြန်သွားစရာမလိုဟုဆို
DVB
·
March 31, 2019
အန်စီအေတွင် ခွဲမထွက်ရေးပါဝင်ပြီးဖြစ်၍ ခွဲထွက်ရေးပြန်သွားစရာမလိုဟုဆို
1 / 3
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ၁၉၄၇ ပင်လုံစာချုပ်အရ ခွဲထွက်ခွင့်ရှိတယ်ဆိုပြီး အမျိုးသားအဆင့်ဆွေးနွေးပွဲမှာ ခွဲထွက်ရေးအချက်ပါဝင်လာတာဟာ အန်စီအေ လက်မှတ် ထိုးစဉ်က ရှင်းလင်းထားပြီးဖြစ်လို့ ပြန်သွားစရာမလိုတဲ့ ကိစ္စဖြစ်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

မတ် ၃၀ ရက်မနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်သဘာဥယျာဉ်ဟိုတယ်မှာ ပြုလုပ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်တွင် ယုံကြည်မှု တည်ဆောက်ခြင်း၏အရေးကြီးသော အခန်းကဏ္ဍ(CBMs)ခေါင်းစဉ်နဲ့ စပ်လျဉ်းတဲ့ ပညာရှင်စကားဝိုင်းမှာ တပ်မတော်ဘက်က ခွဲမထွက်ရဆိုတဲ့ အချက်တချက်ပါဝင်လာတာနဲ့ ပတ်သက်ပြီး တက်ရောက်လာသူရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့တာပါ။

ပြည်ထောင်စုအဆင့်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက “ခွဲမထွက်ရေးကိစ္စက အန်စီအေလက်မှတ်ထိုးပြီးပြီလိုထင်တဲ့ကိစ္စ နောက်ထပ်ပြန်ပေါ်လာ ပြီးတော့ အဲဒီမှာ လုံးလည်ချာလပတ်လည်ရမ်းပြီးတော့ ဒီမှာပြဿနာစတာပဲ။ အန်စီအေ လက်မှတ်ထိုးတုန်းက ရှင်းထားပြီးပြီ။ အဲဒီဟာက ပြန်သွားစရာမလိုတဲ့ကိစ္စဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဥက္ကဋ္ဌ ဦးမန်းပြည်စိုးက “သံသယနဲ့ မလိမ့်တပတ်နဲ့ ဆိုတဲ့ဟာမျိုးကို မဖြစ်ရအောင် ခိုင်မာသောယုံကြည်မှု ခိုင်မာသောသစ္စာရှိဖို့ တဖက်နဲ့တဖက် ရှိဖို့လိုတယ်။ ဒီအထဲမှာ ခုနက (ဒို့တာဝန် အရေးသုံးပါး) ၃ ချက်က ပါပြီးသား။ ခွဲမထွက်ဖို့ ပြောလာတဲ့အခါမှာ တိုင်းရင်းသားတွေလည်း ခံစားရတယ်”လို့ ပြောပါတယ်။

အဆိုပါစကားဝိုင်းမှာ သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက ဦးဆောင်ပြီး ပညာရှင်တွေဖြစ်တဲ့ ဒေါက်တာ မြင့်လွင် (စိတ်ပညာ)၊ ဒေါက်တာ တင်မောင်မောင်သန်း၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးတို့က မလိုမုန်းထားစိတ်တွေ ဘာလို့ဖြစ်ရလဲ၊ စိတ်ချယုံယုံကြည်မှု၊ ယုံကြည်မှုဆိုတာဘာလဲနဲ့ ပစ်ခတ်ရပ်စဲရေးအတွက် ယုံကြည်မှုတည်ဆောက်ရင်ဘာတွေပါလဲ ခေါင်းစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ၊ ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ၊ ခရစ်ယာန် အသင်းတော်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းနဲ့ ကရင်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတွေက ဆရာတော်တွေနဲ့ တာဝန်ရှိတဲ့ သူတွေသိရှိလိုတာတွေကို မေးမြန်းရာ ပညာရှင်တွေက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲကို တတိယအကြိမ် ဘားအံမြို့မှာကျင်းပတာဖြစ်ပြီး ပထမဆုံး အကြိမ်ကို တောင်ငူမြို့ ဒုတိယအကြိမ်ကို မော်လမြိုင်မြို့တွေမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013