သင်္ကြန်ကာလ ရန်ကုန်-ရေး-ထားဝယ် ရထားစီးနင်းသူ ပိုများလာ
DVB
·
March 31, 2019

သင်္ကြန်နား နီးကပ်လာတာကြောင့် ရန်ကုန်-ရေး-ထားဝယ် ရထားစီး ခရီးသည်တွေ အရင်ကထက် ၂၅ ရာခိုင်နှုန်း ပိုမိုများပြားလာနေတယ်လို့ ရေးမြို့နယ် မီးရထားရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရထားခရီးစဉ်က ခရီးချိန်ကြန့်ကြာမှုတွေရှိနေပေမယ့် ဝန်ဆောင်မှုက အရင်ကထက် ပိုမိုကောင်းမွန်လာတာကြောင့် ကျောင်းပိတ်ရက်နဲ့ သင်္ကြန်နား နီးကပ်လာတာကြောင့် ဘုရားဖူး သွားသူများပြားပြီး ခရီးသည်များပြား လာတယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်ကနေ ရန်ကုန်ဘက်ကို ရထားနဲ့ ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးစို-ငါးခြောက် နဲ့ သံပရာသီး ပုံမှန်တင်ပို့နေကြပြီး ရန်ကုန်ကနေ ရေးမြို့နယ်ကိုတော့ လူသုံးကုန်ပစ္စည်းနဲ့ အသီးနှံအစုံ ဝင်ရောက်မှု ပိုမိုအားကောင်းလာတယ်လို့ သိရပါတယ်။
ရန်ကုန်-ရေး-ထားဝယ် တိုက်ရိုက်ရထား ခရီးစဉ်အားလုံးကို သင်္ကြန်ရက်အတွင်း ပုံမှန် လက်မှတ်နှုန်းထားအတိုင်း ပြေးဆွဲပေးမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။