DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ် ကျောက္ကာရေနံချက်ဖိုကုန်းတွင် တရက်တည်း မီး ၂ ကြိမ် လောင်ကျွမ်း
DVB
·
March 31, 2019
မုံရွာမြို့နယ် ကျောက္ကာရေနံချက်ဖိုကုန်းတွင် တရက်တည်း မီး ၂ ကြိမ် လောင်ကျွမ်း
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာရှိ ရေနံချက်ဖိုကုန်းမှာ မတ်လ ၃၀ ရက်နေ့ တရက်တည်းမှာ မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

“ပထမအကြိမ်ကတော့ မနက်ပိုင်း ၇ နာရီကျော်မှာဖြစ်တာပေါ့။ ရေနံစိမ်းငွေ့နဲ့ ချက်ဖိုမီးတွေ့ပြီး လောင်ကျွမ်းခဲ့တာ။ ၁၀ ပေ ပတ်လည်တိုင်ထောင်သွပ်မိုး အဆောက်အဦးတခုနဲ့ ဓာတ်ဆီ ၅ ဂါလန် ဆုံးရှုံးခဲ့တယ်။ နောက်တခုက ညနေ ၅ နာရီကျော်မှာဖြစ်တာ။ မနက်ပိုင်းနဲ့ ဖြစ်စဉ်တူ မီးလန့်တဲ့အဆင့်ပေါ့။ ဆုံးရှုံးမှုတော့ မရှိပါဘူး။ ၂ ခုလုံး ပေါ့ဆမီးတွေပါပဲ” လို့ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလအတွင်း ကျောက္ကာရေနံချက်ဖိုမှာ မီးလောင်မှု ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့တုန်းကလည်း ချက်ဖိုတခုမှာ ပိုက်ပေါက်တာကို မသိဘဲ ရေနံချက်ဖိုကန်ကို ရေနံစိမ်းထည့်နေတုန်း ရေနံစိမ်းစီးကျကာ ချက်ဖို မီးကြွင်းမီးကျန်နဲ့တွေ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၁၉ ခုနှစ်အတွင်း မုံရွာမြို့နယ်မှာ မီးလောင်မှုအနေနဲ့ ဇန်နဝါရီလက ၃ ကြိမ်၊ ဖေဖော်ဝါရီလက ၉ ကြိမ်၊ မတ်လမှာ ၅ ကြိမ် စုစုပေါင်း ၁၇ ကြိမ်ရှိပြီဖြစ်ပါတယ်။

ဒီမီးလောင်မှုအကြိမ်ရေထဲ အမှိုက်ပုံမီး၊ ကိုင်းတောမီးတွေကိုတော့ ထည့်တွက်ထားခြင်းမရှိပါဘူး။ အများသောအားဖြင့် မီးလောင်မှုတွေက ပေါ့ဆမီးကြောင့် အများဆုံးဖြစ်နေတာပါ။

မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေး၊ ဖြစ်ပေါ်လာရင်လည်း ဆုံးရှုံးမှု နည်းပါးစေရေးတို့အတွက် မီးသတ်ဦးစီးဌာနက လုပ်ငန်းစဉ် ၇ ရပ်ကို အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။

အခုနှစ်အတွင်းမှာလည်း မီးလောင်မှု လျော့နည်းစေဖို့ လက်ကမ်းစာစောင်ဝေငှတာ၊ အသိပညာပေးဟောပြောတာ၊ လက်တွေ့သရုပ်ပြတာ၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ ဌာနဆိုင်ရာတွေ လိုက်လံစစ်ဆေးတာတွေကိုလည်း ပုံမှန်လုပ်ဆောင်နေပြီး ရပ်ကွက်တွေမှာလည်း အသံချဲ့စက်နဲ့ ညစဉ်လှည့်လည်အသိပေးတာတွေ လုပ်ဆောင်နေတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

မုံရွာမြို့နယ်မှာ မြို့နယ်မီးသတ်စခန်း ၁ ခု၊ နယ်မြေ မီးသတ်စခန်း ၄ ခုရှိပြီး ဝန်ထမ်းအင်အား၊ ယာဉ်ယန္တရား လုံလောက်မှုရှိတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မုံရွာမြို့နယ်မှာ မီးလောင်မှုအကြိမ်ရေ ၃၈ ကြိမ်ဖြစ်ပွားခဲ့ကာ အများစုက ပေါ့ဆမီးကြောင့်ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၆၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013