DVB Logo
Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ပြောဆိုလာရတဲ့ သတင်းမီဒီယာ လောက
DVB
·
October 18, 2012
ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ပြောဆိုလာရတဲ့ သတင်းမီဒီယာ လောက
Donate to DVB

အခုတလော ပြည်တွင်းမီဒီယာလောကမှာ ထူးခြားတာ တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက မက်ဆင်ဂျာ ဂျာနယ်နဲ့ ပြည်မြန်မာဂျာနယ် ၂ စောင်ကို တရားစွဲဆိုဖို့အတွက် မန္တလေးခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထားလိုက်တဲ့ သတင်းပါ။

တဆက်တည်း အမေရိကန် ခရီးစဉ်က ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီကိစ္စ မေးမြန်းခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မပြောစဖူး မီဒီယာ ကိစ္စတွေ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ပြည်တွင်း သတင်းဂျာနယ်တွေ အပါအ၀င် မီဒီယာတွေကို တရားစွဲတာဟာ သင့်တော်တဲ့ ကိစ္စ တခု ဖြစ်ပါသလား။ မသင့်တော်ဘူးဆိုရင်၊ မီဒီယာတွေ မမှန်မကန် ရေးသားဖော်ပြရင်၊ ဘာနဲ့ ထိန်းညှိလို့ရမလဲ၊ စတာတွေကို ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးဥာဏ်ဝင်းက ဂျာနယ် ၂ စောင်ကို တရားစွဲတဲ့ သတင်း ထွက်လာတယ်ဆိုရင်ပဲ ဘာကြောင့်စွဲတယ်၊ ဘယ်လို ဖြစ်တယ် ဆွေးနွေးတာထက် တရားမစွဲသင့်ဘူး ဆိုတဲ့ ပြောဆိုမှုတွေ မီဒီယာလောကမှာ လျှံထွက်လာပါတယ်။ အဲဒီလူတွေ ပြောတာကတော့ အန်အယ်လ်ဒီ ပါတီကို အရင်ကရော အခုရော တလျှောက်လုံး မီဒီယာတွေက ပံ့ပိုးပေးခဲ့တယ်။ သတင်းတွေ ရေးပေးခဲ့တယ်၊ ဒါကြောင့် အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုအနေနဲ့ ဂျာနယ်တွေကို တရားမစွဲသင့်ဘူး ဆိုတာပဲဖြစ်ပါတယ်။ လက်ရှိ သည်ဗွိုက်စ် ဂျာနယ်နဲ့ လျှပ်တပြက်ဂျာနယ်ကိုလည်း ၀န်ကြီးဌာန တခုနဲ့ တိုင်းအစိုးရအဖွဲ့ တရားစွဲထားတာ ရှိနေတယ်။ ဒါကြောင့် အန်အယ်လ်ဒီရဲ့ လုပ်ပုံဟာ အဲဒီ အစိုးရဌာနတွေရဲ့ လုပ်ပုံတွေနဲ့ မကွာခြားဘူးလို့လည်း ဝေဖန်ကြပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီတရားစွဲမှုဟာ သတင်းထောက်ကို၊ သတင်းစာကို တိုက်ခိုက်တာ မဟုတ်ဘူး၊ တရားဥပဒေ စိုးမိုးမှုကို အထောက်အကူပြုချင်လို့ ဖြစ်တယ် ဆိုပြီး ရှင်းခဲ့ပါတယ်။ ဒါတင်မက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတိုးတက်ရေးအတွက် မှန်ကန်တဲ့ သတင်းဖြန့်ချိရေးဟာ အင်မတန်မှ အရေးကြီးတယ်၊ မှန်ကန်တဲ့ သတင်းကို ပျံ့သင့်တဲ့ အတိုင်းအတာ တခုအထိ ပျံ့အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က တချို့ ဩဇာ ရသွားပြီဆိုရင် ဒီဩဇာကို အလွဲသုံးစား လုပ်လာကြတဲ့အကြောင်း၊ ဒါဟာ အစိုးရအဖွဲ့ထဲမှာတင် မဟုတ်ဘဲ မီဒီယာလောကမှလည်း ရှိတတ်ကြောင်း ဒါကြောင့် ကိုယ့်ဩဇာကို တလွဲမသုံးဖို့ ပြောပါတယ်။ ဒါတင်မက မှန်မှန်ကန်ကန်ပြောရရင် တချို့မီဒီယာတွေဟာ အတော်ထောင်လွှားကြောင်း၊ ငါတို့က ရေးလိုက်ရင် ဒီလူကို ဂုဏ်သိက္ခာတက်အောင်လည်း လုပ်နိုင်တယ်၊ သိက္ခာကျအောင်လည်း လုပ်နိုင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တတ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်သွားတာ ကြားကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါပဲ။ လက်ရှိအချိန်ဟာ မီဒီယာသမားတွေ အားလုံး မီဒီယာလောကကို စတုတ္ထမဏ္ဍိုင် ပီပီပြင်ပြင် ဖြစ်လာအောင်ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ မီဒီယာကို စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဝေါ်ပြီဆိုကတည်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေလိုပဲ အခြားသော မဏ္ဍိုင်တွေရဲ့ ထိန်းကျောင်းမှုကို အပြန်အလှန် လက်ခံရမှာဖြစ်ပါတယ်။ အထူးသဖြင့် တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ထိန်းကျောင်းမှုကို လက်ခံရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မီဒီယာသမားတချို့က အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ မသမာတဲ့ စီးပွားရေးသမားတွေဟာ အင်အားတောင့်တင်းကြတယ်။ ဒါကြောင့် အဲဒီ ဌာနဆိုင်ရာတွေ စီးပွားရေး လုပ်ငန်းတွေက မီဒီယာတွေကို တချိန်ချိန် တရားစွဲနေရင် မခက်ပေဘူးလားလို့ စောဒကတက်တာမျိုးတွေလည်း ရှိပါတယ်။

တကယ်တော့ တရားစွဲတယ်ဆိုတာ စွဲချင်တိုင်းစွဲလို့ရတာ မဟုတ်သလို၊ အပြစ်ပေးချင်တိုင်း ပေးလို့ရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင်ပျက်စီးနေရင်တော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒါနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပါတီရဲ့ အနှစ် ၂၀ ကျော် သမိုင်းကို အတုယူစရာကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ခေါင်းဆောင်နဲ့ ပါတီဝင် အများအပြားဟာ စစ်အစိုးရအဆက်ဆက်ရဲ့ မတရား ဖမ်းဆီး၊ တရားရုံးတင် ထောင်ချတာ ခံခဲ့ကြရပါတယ်။ အမှုပေါင်း ထောင်ချီပြီး သောင်းဂဏန်းတောင် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလို မတရားဖမ်းဆီး ရုံးတင်တာတွေကို အန်အယ်လ်ဒီ ဘက်ကနေ တရားနည်းလမ်းကျကျပဲ ဥပဒေ အထောက်အကူပြု အဖွဲ့တွေရဲ့ အကူအညီနဲ့ တရားရုံးကနေ တတ်နိုင်သမျှ ရင်ဆိုင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီဟာ တရားစွဲဆိုမှုတွေကို တရားဥပဒေ လမ်းကြောင်းက ရင်မဆိုင်သင့်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ အာဏာပိုင်တွေ ၀င်ရောက်စွက်ဖက်မှုကြောင့် တရားဥပဒေ စိုးမိုးမှု မရှိတာကိုပဲ တလျှောက်လုံး ထောက်ပြခဲ့တာဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု ရှိလာအောင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီနေ့အချိန်ထိ ကျားကုတ်ကျားခဲ ကြိုးစားနေဆဲလည်း ဖြစ်ပါတယ်။

ခြုံပြီးပြောရရင် တနေ့တခြား ဩဇာကြီးမားလာတဲ့ မီဒီယာလောကဟာ စတုတ္တမဏ္ဍိုင် ပီပီသသ ဖြစ်လာဖို့ ဆိုရင် တရားစီရင်ရေး အပါအ၀င် အခြား မဏ္ဍိုင်တွေရဲ့ ထိန်းကျောင်းမှုကိုလည်း မလွဲမသွေ လက်ခံသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013