DVB Logo
Home
မြန်မာသတင်း
မဟူတောင်တန်း တောမီးကြောင့် လူ ၃ ဦး သေဆုံး
DVB
·
March 31, 2019
မဟူတောင်တန်း တောမီးကြောင့် လူ ၃ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်နိမိတ်အနီး မဟူတောင်တန်းပေါ် မှာ မတ်လ ၃၀ ရက်နေ့က တောမီးကြောင့် လူ ၂ ဦးနေရာတင် သေဆုံးခဲ့ပြီး အတည်မပြုနိုင် သေးတဲ့ သတင်းအရ ၁ ဦးမှာတော့ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေက ကနီမြို့နယ်၊ ပါဟဲမြောက်ရွာက လူတွေဖြစ်ပြီး တောထဲ အလုပ်သွား လုပ်ရင်းကနေ တောမီးအဝိုင်းခံရပြီး မတော်တဆ မီးလောင် သေဆုံးခဲ့တာပါ။

"သွားကြတာက ၆ ယောက်။ ဦးရဲ့ သားအပါအဝင် ၂ ယောက်ကတော့ မနေ့က မီးလောင် ပြီး ဆုံးသွားတာပေါ့။ ၂ ယောက်က ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာရလို့ ကင်းဆေးရုံကနေ မုံရွာဆေးရုံကို ပို့ထားတာ။ ဒီမနက်ကြားရတဲ့ သတင်းအရ ၁ ယောက်ကတော့ ဆုံးသွားပြီ။ နောက် ၁ ယောက်ကိုလည်း မန္တလေးဆေးရုံလွှဲမယ်လို့ ကြားတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ပွန်းပဲ့ဒဏ်ရာ၊ မီဟပ်လို့ အရည်ကြည်ဖုပေါက်တဲ့ ဒဏ်ရာတွေတော့ ရတာပေါ့။ ဖြစ်တဲ့နေရာက ရွာနဲ့ ၆ မိုင်လောက်ဝေးတယ်၊ ကနီမြို့နယ်ထဲ ရောက်တာပေါ့" လို့ မီးလောင်သေဆုံးသွားသူတဦးရဲ့ ဖခင်ဖြစ်သူ ဦးစန်းလွင်က ပြောပါတယ်။

သေဆုံးရတာက တောမီးလောင်လို့ ဟိုဟိုဒီဒီပြေးကြရင်း သစ်ပင်ပေါ်တက်နေတာကနေ သစ်ပင်ပါ မီးလောင်ကာ သေဆုံးသွားပုံရတယ်လို့လည်း ဦးစန်းလွင်က သုံးသပ် ပြောဆိုခဲ့ပါသေးတယ်။

မီးလောင်တာကိုလည်း အနည်းငယ်ဒဏ်ရာရသူက ရွာကိုပြေးပြောတာကနေ ရွာကလူတွေ စုပြီး လိုက်လံသယ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ကနီမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦး ထိန်လင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ မြို့နဲ့ အရမ်းဝေးကွာပြီး သွားလာရခက်ခဲတဲ့အပြင် မင်းကင်း မြို့နယ်ထဲမှာဖြစ်တဲ့အတွက် အသေးစိတ်မသိရသေးဘူး။ ရောက်ရှိလာတဲ့ လူနာတွေကိုတော့ သွားရောက်မေးမြန်း ကူညီတာတွေ လုပ်ကိုင်ပေးနေတယ်လို့ပြောပါတယ်။

ကနီမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ပေါ့ဆမီးကြောင့် မီးလောင်မှု ၂ကြိမ်ဖြစ်ပွားခဲ့ကာ တောမီးကတော့ အနည်းငယ်လောင်ကျွမ်းတာတွေ ရှိပေမယ့် အခုလို လူသေဆုံး ထိခိုက်ပျက်စီး တဲ့အထိ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သေဆုံးသူအပါအဝင် တောမီးကြုံခဲ့ရတဲ့ ၆ ဦးက အသက် ၁၉ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်တွေဖြစ်ကာ သေဆုံးသူ ၂ ဦးကတော့ ရုပ်ကို မပီတော့ဘူးလို့လည်း သိရပါတယ်။

သေဆုံးအလောင်းတွေကိုတော့ ရွာပြင်မှာ ခဏထားပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနက ရင်ခွဲစစ်ဆေးပြီးပါက သင်္ဂြိုဟ်ဖို့ စီမံထားတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်က ပါဟဲရွာအနေနဲ့ ပထမဆုံး ကြုံတွေ့ရတဲ့ အတွေ့အကြုံလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013