DVB Logo
Home
မေးမြန်းခန်း
သမ္မတကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် ပြန်ရွေးလိုက်တဲ့အပေါ် သဘောထားအမြင်များ
DVB
·
October 17, 2012
သမ္မတကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် ပြန်ရွေးလိုက်တဲ့အပေါ် သဘောထားအမြင်များ
Donate to DVB

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ၄ ရက်ကြာ ပြည်လုံးကျွတ်ညီလာခံကျင်းပခဲ့ပြီး ကိုယ်စားလှယ် ၉၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံအနှံ့ဒေသ ၁၉ ခုကနေ ဗဟိုကော်မတီဝင် ၃၀၀ နီးပါးကနေ ဗဟိုအလုပ်အမှုဆောင် ၄၄ ဦးကို ရွေးချယ်ကြပါတယ်။ ဗဟိုအလုပ်မှုဆောင်တွေကနေတဆင့် ပါတီဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ကို ကြံ့ခိုင်ရေးပါတီက ဥက္ကဋ္ဌ အဖြစ် ပြန်လည်ရွေးချယ်ခဲ့တဲ့ အပေါ်  ပြည်တွင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားအမြင်တွေကို ဆက်သွယ်မေးမြန်း ထားပါတယ်။

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင်)

“သမ္မတလုပ်တယ်ဆိုတာ ပါတီနဲ့ ကင်းရှင်းရမယ်လို့ ဒီလိုနားလည်တယ်။ ဒါက ဘာကိုပြလဲဆိုတော့ ပါတီကထွက်ရမယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဆိုရင် ကော်မရှင် တာဝန်ပေးမယ်လည်းဆိုရော ပထမတနေ့မှာ ကြံ့ဖွံ့ကနေ ထွက်လိုက်ပြီး ကော်မရှင်ဥက္ကဋ္ဌလုပ်တယ်။ ဦးသိန်းစိန်က အခြေခံဥပဒေအဆိုအရဆိုရင် ပါတီကနေထွက်ရမယ်။ ဒါက တစ်အချက်။ ဦးသိန်းစိန်ရဲ့ ပေါ်ပြူလာဖြစ်မှုက တိုးလာတယ်လို့ သူတို့ထင်တဲ့အခါ ဦးသိန်းစိန်ရဲ့ ပုံရိပ်ကို သူတို့ကထားချင်တယ်။”

ဦးဒိုင်ထွန်း (ချင်းတိုးတက်ရေးပါတီ)

“ဒါကို ဥပဒေနဲ့ ပြန်တိုင်းကြည့်ရမှာပေါ့။ ဥပဒေက ခွင့်ပြုတယ်ဆိုရင်တော့ လုပ်ရင်လုပ်ပေါ့။ ကျနော့်အမြင်ကတော့ ဥပဒေအရ မဖြစ်နိုင်ဘူးလို့ထင်တယ်။ ဥပဒေအရတော့ နိုင်ငံတော်သမ္မတလို အစိုးရအဖွဲ့မှာပါတဲ့သူတွေက နိုင်ငံရေးပါတီကနေ နုတ်ထွက်ရမှာလေ။ အဲလိုပဲ နားလည်တယ်။”

ဦးစိုင်းလိတ်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)

“သူ့အနေနဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ပါတီရဲ့ လုပ်ငန်းတာဝန်တွေကို ခဏမေ့ထားရမှာပေါ့။ ခဏပစ်ပယ်ထားပြီးမှ အုပ်ချုပ်ရေးပိုင်းကိုပဲ တစိုက်မတ်မတ်လုပ်ရမယ်ဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းပြီးသားဖြစ် တယ်။ ဥက္ကဋ္ဌတာဝန်ကို ပြန်ပေးတယ်ဆိုဦးတော့ သူ့မှာ တခြား ရည်ရွယ်ချက် ရှိကောင်းရှိပါလိမ့်မယ်။”

ဒါ့အပြင် အခုလို သမ္မတဦးသိန်းစိန်ကို အာဏာရပါတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးတာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။

ဦးစိုင်းလိတ်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)

“ပြည်ခိုင်ဖြိုးပါတီရဲ့ နောက်လာမယ့် ၂၀၁၅ ခုနှစ်အတွက်ကို ကြိုတင်ရည်ရွယ်ထားတဲ့ သဘောမျိုး တွေ့ရတာပေါ့။ ကျနော်ထင်တယ် သူတို့ရှုံးသွားတယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း စစ်တပ်က၀င်ပြီးတော့ တိုင်းပြည်အာဏာကို ထိန်းကောင်းထိန်းပါလိမ့်မယ်။ အဲလိုမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းရမှာပေါ့။ အခြေခံဥပဒေကို အချိန်မီပြုပြင်ဖို့လိုအပ်တယ်။”

ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ မြန်မာပြည် ဥက္ကဋ္ဌ)

“အခုလက်ရှိအခြေအနေကို ကြည့်ရတာတော့ ၂၀၁၅ မှာ နည်းနည်းပိုပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့တော့ ယူဆတယ်။ အဲလိုဖြစ်ရင်လည်း ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးက နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ ကျနော်ထင်တာကတော့ သူတို့လည်းပဲ နိုင်ရင် အစိုးရဖွဲ့မှာပေါ့။ မနိုင်ရင်လည်း အစိုးရအဖွဲ့နီးနီးလောက် သူတို့ အားရှိမှာပဲ။ အဲလိုဆိုရင်လည်း တိုင်းပြည်အတွက် ကောင်းမယ်လို့ ယူဆရတာပေါ့။”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးကို အရင် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှာ လူမှုရေးအသင်းကြီးအဖြစ် စတင်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် ၂၀၁၀ ပြည့်နှစ် ဇွန် ၂ ရက်နေ့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ပြီး အငြင်းပွားဖွယ်ရာ မဲအပြတ်အသတ်နဲ့  အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013