DVB Logo
Home
မြန်မာသတင်း
သောက်ရေခပ်ရေလှောင်တမံပိတ်မှုကြောင့် ရွာပေါင်း ၄၀ ခန့် အခက်အခဲဖြစ်နိုင်
DVB
·
October 17, 2012
သောက်ရေခပ်ရေလှောင်တမံပိတ်မှုကြောင့် ရွာပေါင်း ၄၀ ခန့် အခက်အခဲဖြစ်နိုင်
Donate to DVB

ပဲခူးတိုင်း   တောင်ငူမြို့နဲ့  ၁၄ မိုင်အကွာ  ထုံးဘိုရွာအနီးမှာ တည်ဆောက် ထားတဲ့ သောက်ရေခပ်ရေလှောင်တမံကို ပြီးခဲ့တဲ့ရက်ပိုင်းက စပြီး ပိတ်လိုက်တဲ့အတွက် တမံအထက်ပိုင်းက ရေလွှမ်းမိုးပြီး ရွာပေါင်း ၄၀ လောက် အခက်ကြုံရနိုင်တယ်လို့ တောင်ငူဒေသခံတွေက ပြောပါတယ်။

သောက်ရေခပ်ချောင်းကို ပိတ်ပြီး ရေအားလျှပ်စစ် ထုတ်ယူဖို့ တည်ဆောက်နေ တဲ့  သောက်ရေခပ် ရေလှောင်တမံကို အခုလ ၁၃ ရက်နေ့က ပိတ်လိုက်တဲ့အတွက် တမံအထက်ပိုင်းမှာ ရေတက်ပြီး ဒေသခံတွေရဲ့ နှစ်ရှည် စိုက်ပျိုးသီးနှံတွေ ပျက်စီးမှုနဲ့ ကြုံတွေ့နေရတာပါ။

ရေလျှံတက်တဲ့အတွက် အနီးအနားက  ခြံမြေဧက ရာချီ ရေနစ်ပျက်စီး သွားသလို ဘောဂလိကြီးမြို့ နဲ့ တောင်ငူမြို့ကို ဖြတ်သန်းသွားလာရတဲ့  ပလက်ဝတံတား ရေနစ်မြုပ်တဲ့အတွက် ဒေသခံတွေ ကုန်ကူးသန်း ရောင်းဝယ်ရေး အခက်အခဲ တွေ့နေကြရတယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံးရဲ့ တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက ပြောပါတယ်။

“ဘောဂလိ ကနေ တောင်ငူသွားတဲ့လမ်းကြောင်းကလည်း ကားတွေ၊ ဆိုင်ကယ်တွေ သွားလို့မရတော့ဘူးလေ။ ပလက်ဝ တံတားကြီး ရေမြုပ်သွားပြီ။ သွားလာရေး ခက်သွားတာပေါ့။ အထူးသဖြင့် ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူတွေ၊ ကားသမားတွေ မသွားတတ် မလာတတ်တော့ တောင်ပေါ်က ကုန်တွေ ပို့လို့လည်းမရ၊ မြို့ပေါ်က ဆန်တို့ အသုံးအဆောင် ကုန်ပစ္စည်းတွေလည်း တောင်ပေါ်တင်လို့မရနဲ့ အခက်အခဲတွေ ရှိတာပေါ့။ ခြံ၊ ဥယျာဉ်သမားတွေကတော့ သောက်ရေခပ်နဲ့ အနီးအနားမှာ ရှိတဲ့သူတွေကတော့ သူ့ဥယျာဉ် ခြံတွေ ရေထဲပါသွားတာပေါ့။ စိုက်ပျိုးမြေ၊ သစ်တောတွေ၊ လူတွေအသုံးပြုတဲ့လမ်းကြောင်းတွေ အကုန်ပါသွားတာ။”

ရေလွှမ်းမိုးခံရတဲ့ ဥယျာဉ်ခြံမြေတွေမှာ ဖာလာ၊ တညင်း၊ ဒူးရင်း အစရှိတဲ့ နှစ်ရှည် သီးနှံပင်တွေ စိုက်ပျိုးထားတာပါ။

ရွာပေါင်း ၄၀ လောက် စားဝတ်နေရေး အခက်ဖြစ်နိုင်တဲ့အခြေအနေတွေကို ပဒိုစောအယ်ဝါးက အခုလို ပြောပါတယ်။

“တောင်ပေါ်နဲ့ မြို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်သွားမယ် ဆိုရင် တောင်ပေါ်ဒေသမှာ ရွာပေါင်း ၄၀ ကျော်ရှိတယ်။ လူဦးရေက ၁ သောင်း ၆ ထောင်လောက်ရှိတယ်။ သူတို့လည်း စားရေးသောက်ရေးအတွက် အတော်ဒုက္ခရောက်မယ်။ နေ့စဉ်သူတို့ရောင်းရမယ့် သီးနှံတွေ ရောင်းချမရ၊ သီးနှံတွေ၊ ခြံတွေ ပျက်စီးမယ်။ ရေမလွှမ်းတဲ့နေရာက သီးနှံတွေလည်း အောက်ကို သယ်လို့မရဘူး။ အဲကလူထုအတွက် အခက်အခဲ ပိုကြီးသထက်ကြီးလာမယ်။ ငွေရှိတဲ့သူ၊ ကုမ္ပဏီတွေက သူတို့ရဲ့ အကျိုးအမြတ်တခုကိုပဲ ကြည့်ပြီးတော့ လုပ်တာဟာ မကောင်းဘူး။ ဒါကို နိုင်ငံတော်အစိုးရက ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ ပြောချင်တယ်။”

ဒါ့ပြင် ရေလှောင်တမံအောက်ပိုင်းမှာရှိတဲ့  သောက်ရေခပ်ချောင်းဟာလည်း ရေစီးဆင်းမှု ရပ်တန့်နေတယ်လို့ သိရပါတယ်။

သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်းကို   အခုနှစ် နိုဝင်ဘာလကစပြီး  ရွှေစွမ်းအင်  ကုမ္ပဏီက တာဝန်ယူ   တည်ဆောက်နေတာဖြစ်ပြီး  လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားတာပါ။ လာမယ့် ၂၀၁၃ အတွင်းမှာ နောက်ထပ် မဂ္ဂါဝပ် ၈၀ လောက် ထုတ်လုပ်နိုင်ဖို့ လျာထားကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် ဒီစီမံကိန်းကနေ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားတွေကို ဘယ်မှာ အသုံးပြုမယ်ဆိုတာ မသိရသေးပါဘူး။

ဒီစီမံကိန်း စတင်တည်ဆောက်ခဲ့ချိန်တုန်းကလည်း ဒေသခံတွေကို အသိပေးခြင်း မရှိဘဲ တည်ဆောက်ခဲ့သလို စီမံကိန်းအတွက် ဥယျာဉ်ခြံမြေတွေ သိမ်းဆည်းမှု အများအပြားရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရေလှောင်တမံ တည်ဆောက်နေဆဲ ကာလတုန်းက ဒေသခံလူထုတွေ ကန့်ကွက်မှုရှိခဲ့သလို အခုလည်း စီမံကိန်းကြောင့် စိုက်ပျိုးရေးနဲ့ သွားရေးလာရေး အခက်အခဲတွေ့နေရတဲ့ အပေါ်   ဒေသခံရွာသားတွေက အစိုးရထံ ဆန္ဒထုတ်ဖော် တင်ပြဖို့ အစီအစဉ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013