
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းကို ဇူလိုင် ၂၂ ရက်ကစလို့ စစ်တပ်က နေ့တိုင်း လေကြောင်း ကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဇူလိုင် ၂၂ ရက်နေ့ကစပြီးတော့ အခု ၃၁ ရက်နေ့အထိ မြိုင်အနောက်ဘက် သင်းမရွာဝန်းကျင်တွေကို စစ်တပ်ကလေယာဥ်မျိုးစုံနဲ့ နေ့တိုင်းဗုံးကြဲနေတာ ၁၀ ရက်လောက်ရှိနေပြီးတော့ ကြဲချတဲ့ဗုံးအလုံးရေကလည်း ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ကိုရှိနေတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ ပခုက္ကူမြို့အခြေစိုက်တပ်မ ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကနေ အင်အား ၈၀၀ နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်ထဲကတဆင့် မြိုင်မြို့နယ်ထဲက သင်းမကျေးရွာထဲကို အခုလ ၂၁ ရက်က ဝင်ရောက်တပ်စွဲပြီးနောက်ပိုင်း အဲဒီရွာဝန်းကျင်ကို နေ့တိုင်း လေကြောင်းတိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတပ်စွဲနေတဲ့ သင်းမကျေးရွာရဲ့အနီးဝန်းကျင်ကျေးရွာတွေဖြစ်ကြတဲ့ ရွာသစ်ကြီး၊ ညောင်ကုန်း၊ မကျီးကန်၊ ဖန်းကန် စတဲ့ရွာတွေနဲ့အနီးတဝိုက်ကို ဇူလိုင် ၂၂ ရက်နေ့မှာ ၂၃ ကြိမ်၊ ဇူလိုင် ၂၃ ရက်နေ့မှာ ၁၃ ကြိမ်၊ ဇူလိုင် ၂၄ ရက်နေ့မှာ ၁၂ ကြိမ်၊ ဇူလိုင် ၂၅ ရက်နေ့မှာ ၆ ကြိမ်၊ ဇူလိုင် ၂၆ ရက်နေ့မှာ ၁၀ ကြိမ်၊ ဇူလိုင် ၂၇ ရက်နေ့မှာအကြိမ်ရေ ၇၀ ကျော်၊ ဇူလိုင် ၂၈ ရက်နေ့မှာအကြိမ်ရေ ၂၀ ကျော်၊ ဇူလိုင် ၂၉ ရက်နေ့မှာအကြိမ်ရေ ၂၀ ကျော်၊ ဇူလိုင် ၃၀ ရက်နေ့မှာ ၁၆ ကြိမ် နဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ၇ ကြိမ် ဗုံးကြဲခဲ့ပါတယ်။
ဂျက်ဖိုက်တာတွေ၊ Y12 ဗုံးကြဲလေယာဥ်တွေအပြင် ဂျိုင်ရိုကော်ပတာတွေအသုံးပြုပြီး ဗုံးအလုံးရေ ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်ကြဲချခဲ့တယ်လို့ သိရပါတယ်။
ရှေ့တန်းရောက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီစစ်ကြောင်းက အခု ၃၁ ရက်နေ့ ညနေပိုင်းအထိ သင်းမရွာထဲမှာပဲ ရှိနေသေးတယ်။ လေကြောင်းပစ်ကူတွေအလွန်အကျွံသုံးပြီး ဆက်ထွက်ဖို့ကြိုးစားနေပေမဲ့ ဆက်မထွက်နိုင်သေးဘူး။ သူတို့တွေ ရှေ့ဆက်ထွက်ဖို့တော့ ရှေ့ပြေးတွေလွှတ်လွှတ်ပြီး အကြိမ်ကြိမ်ကြိုးစားနေတာ။ ဒါပေမဲ့လည်း နေ့တိုင်းလောက် တိုက်ပွဲတွေရှိနေတော့ ဆက်ထွက်လို့မရဘူး။ ရှေ့ဆက်မတိုးနိုင်တော့လို့ ရိက္ခာတွေနဲ့ခဲယမ်းတွေကို လေကြောင်းကနေချပေးနေရတယ်။ တိုက်ပွဲတွေမှာလည်း သူတို့ဘက်က တော်တော်လေး အထိနာတယ်။ ဒီဘက်ကလည်း ထိခိုက်ကျဆုံးရှိတာပေါ့။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ရွာတွေ မှာတော့ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့တော့ သိရတယ်။ ဒါပေမဲ့ အခုအချိန်ကတော့ ထိခိုက်ပျက်စီးတဲ့အခြေအနေကို ဘယ်လိုမှ အသေးစိတ်မသိရနိုင်သေးဘူး” လို့ ပြောပါတယ်။
စစ်ကြောင်းကြောင့် မြိုင်မြို့နယ်အနောက်ခြမ်းမှာရှိကြတဲ့ သင်းမကျေးရွာ အပါအဝင် ဂျုတ်ကုန်း၊ မှန်ရင်း၊ ယာကြီးပြင်၊ ဘောင့်ဘင်၊ ရွာသစ်ကြီး၊ ညောင်ကုန်း၊ ကြက်မောက်၊ စိုတော၊ မြို့ခင်းသာ၊ နှမ်းစားကျင်း စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရတာလည်း လဝက်နီးပါးရှိနေပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့လမ်းတလျှောက်မှာလည်း အပြစ်မဲ့ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီး သတ်ဖြတ် သလို ပြည်သူတွေရဲ့အိမ်အလုံးရေ ၁၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။










