DVB Logo
Home
မြန်မာသတင်း
ပန်းမြောင်း စစ်ရှောင်စခန်းကို ဆန်အပါအဝင် စားနပ်ရိက္ခာအချို့ WFP ထောက်ပံ့
DVB
·
March 29, 2019
ပန်းမြောင်း စစ်ရှောင်စခန်းကို ဆန်အပါအဝင် စားနပ်ရိက္ခာအချို့ WFP ထောက်ပံ့
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၃ ခုကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ ၂၇ ရက်နေ့ညပိုင်းက ဆန်၊ ဆီနဲ့ ပဲ စတဲ့ စားနပ်ရိက္ခာအချို့ ထောက်ပံ့ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုက္ခသည်တဦးစီအတွက် တလစားသုံးနိုင်ဖို့ ရည်ရွယ်ပြီး ဆန် ၅၉၉ အိတ်အပါအဝင် ဆီ ၁၈၃ ဖာ၊ ပဲ ၇၉ အိတ်နဲ့ ဆား ၇ အိတ်တို့ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အောင်မင်္ဂလာကျောင်းတာဝန်ခံ ဦးကျော်ကျော်လှက “ကျောင်းတကျောင်းရဲ့ လူဦးရေကို ကြည့်ပြီးတော့ လှူသွားတာ သူတို့က။ ကျနော်တို့ကျောင်းမှာ ဆန်က ၇၁ အိတ်လှူသွားတယ်။ ကျနော်တို့ စခန်းမှာကျတော့ လူ ၂၇၀ ရှိတယ်။ လူဦးရေပမာဏကို ကြည့်ပြီးတော့ ခွဲဝေ စားသောက်ဖို့ ပေးသွားတာပေါ့။ လူတဦးကို တရက်မှာ ဆန် ၃ ကီလိုလောက် ပျှမ်းမျှ တလစာလောက်ပေးတာ။ ငွေကြေးပေးတာ မရှိပါဘူး” လို့ ပြောပါတယ်။

မတ် ၁၉ ရက်နေ့က ရွာအတွင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်မှုကြောင့် မြောက်ဦးမြို့နယ် မြိုချောင်း၊ ကျောင်းတောင်နဲ့ မင်းပြားမြို့နယ် ကျေးရွာအချို့က လူဦးရေ ၂၃၀၀ လောက်ဟာ ပန်းမြောင်းတိုက်နယ်က ရွှေဖောင်တိန်ကျေးရွာ၊ အောင် မင်္ဂလာကျေးနဲ့ ရွာသစ်ကျေးရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတာပါ။

ဒီကနေ့နဲ့ဆိုရင် သူတို့ထွက်ပြေးလာကြတာဟာ ၁၀ ရက်လောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျေးရွာအတွင်း လုံခြုံမှုမရှိသေးတာကြောင့် ဒေသခံတွေက မပြန်ရဲသေးသလို အဝတ်အထည်လိုအပ်မှုရှိတယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာက ထွက်ပြေးလာတဲ့ဒေါ်လှတင်ညွန့်က ”အစ်မတို့ မြိုချောင်းရွာကို တပ်မတော်စစ်ကြောင်းဝင်လာပြီး ရွာမှာရှိတဲ့လူတွေခေါ်တယ်။ ပြီးတော့ ဆန်တွေယူတယ်။ အဝတ်အစားတွေယူတယ်။ ရွာကလူတွေဖမ်းတယ်။ အဲ့ဒါနဲ့ အကုန် ရွာကနေ ထွက်ပြေးလာကြတာ။ ရွာကလူတွေ အကုန်ကြောက်လန့်နေကြတယ်။ အခုအထိ တပ်မတော်စစ်ကြောင်းက ရွာနားမှာရှိနေတော့ အစ်မတို့မပြန်ရဲတော့ဘူး။ ဒီမှာ အဆင်ပြေသလိုနေကြတာပေါ့” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ စစ်ရေးတွေ တင်းမာပြီးတဲ့နောက် ပြည်နယ်အစိုးရအဖွဲ့က ရခိုင်မြောက်ပိုင်းက မြို့နယ်တွေကို WFP နဲ့ ICRC တို့ကအပ ကျန်တဲ့ NGO နဲ့ INGO တွေကို သွားရောက်ခွင့်ပိတ်ပင်လိုက်တာကြောင့် ကူညီ ကယ်ဆယ်ရေးတွေကလည်း နည်းပါးသွားပါတယ်။

လက်ရှိမှာတော့ အဲဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တခုလုံးမှာ စစ်ဘေးရှောင်ပြည်သူ ၂ သောင်းကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013